အမြင့်တက်နေတဲ့ အာဆင်နယ်ကို ရိုက်ချိုးသွားနိုင်တဲ့ ကစားသမား ၂ဦး ရှိတယ်လို့ ဖာဒီနန် သတိပေး
မန်ယူ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလားစိန်ခေါ်မှုဟာ ဝီလီယံ ဆာလီဘာ သို့မဟုတ် ဂါဘရီယဲလ် ဂျေဆူးစ်သာ ဒဏ်ရာ ရရှိသွားခဲ့မယ်ဆိုရင် ပြီးဆုံးသွားလိမ့်မယ်လို့ သတိပေး လိုက်ပါတယ်။
အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းကို ၁-၀ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ အရှိန်အဟုန်နဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆာလီဘာက နောက်ထပ်တစ်ကြိမ် အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှာ အထင်ကြီးဖွယ်ခြေစွမ်း ပြသခဲ့ပြီး ဂျေဆူးစ်ကလည်း ပြိုင်ပွဲစုံ ၉ ပွဲအထိ ဂိုးပေါက်ဆက်လက်ပျောက်ဆုံးခဲ့ပေမယ့်လည်း ဂန်းနားတို့အတွက် တိုက်စစ်မှာ အဓိက သော့ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆုဖလားတိုက်ပွဲအတွက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရာမှာ နှေးကွေးလာတဲ့ လက္ခဏာမျိုး မပြသသေးပေမယ့်လည်း ဖာဒီနန်က ဂန်းနားတို့အနေနဲ့ ဆာလီဘာနဲ့ ဂျေဆူးစ်တို့သာ မပါဝင်ဘူးဆိုရင် စွမ်းဆောင်ရည် အဆင့်အတန်းက သိသိသာသာ ကျဆင်းလာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဖာဒီနန်က “ အာဆင်နယ် ရဲ့ အရေးအပါဆုံး ကစားသမားက ဆာလီဘာနဲ့ ဂျေဆူးစ်ပဲ။ ဒီကစားသမားတွေသာ အသင်းထဲမှာ မပါဝင်ဘူးဆိုရင် လက်ရှိ ပြသနေတဲ့ အဆင့်အတန်းကနေ အကြီးကြီး ကျဆင်းသွားနိင်တယ်။
ခင်ဗျား ပါတေးရဲ့ နေရာမှာ ချာကာကို ကစားခိုင်းလို့ရပြီး ပွဲစဉ်တော်တော်များများကို ဖြတ်သန်းလို့ရတယ်။ ပြဿနာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဂျေဆူးစ် ဒါမှမဟုတ် ဆာလီဘာရဲ့ နေရာမှာ ခင်ဗျား နကီးတီးယားနဲ့ ဟိုးဒင်းတို့ ဝင်ကစားခိုင်းရင် တူညီတဲ့ ရလဒ်မျိုးတော့ ရနိုင်တော့မှာမဟုတ်ပါဘူး။
ထိန်းချုပ်မှုက ဘောလုံးမပါဝင်ဘဲ အဓိကလုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော် သဘောတူတယ်။ သူတို့ ချဲလ်ဆီးကို ထိန်းချုပ်ခဲ့တဲ့ပုံစံက ထူးဆန်းပါတယ်”
“အဲဒါက ခင်ဗျားကို နည်းပြဆီကနေ အလုပ်ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုနဲ့ ကစားသမားတွေဆီကနေ အရည်အချင်း ပေါင်းစပ်ပြီး ဖြစ်သွားခဲ့တာကို ပြသနေတာပါ။ ဆာလီဘာက အရမ်းကို ကြီးမားတယ်။ သူက တကယ်ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူ ထူးချွန်ခဲ့တယ်။ ပါတေးက ကွင်းလယ်မှာ လွှမ်းမိုးပြီး လွယ်ကူတဲ့ပုံပေါ်အောင် လုပ်ခဲ့တယ်”
“ဂျေဆူးစ်ကလည်း ဂိုးမသွင်းတာကလွဲပြီး အရာအားလုံးလုပ်ခဲ့တယ်။ ကျွန်တော် ဂိုးဧရိယာထဲကမှာ ဂိုးခြိမ်းခြောက်မှု ဖြစ်လာအောင် သူ့ရဲ့ စွမ်းဆောင်ရည်ကို နည်းနည်း အပြောင်းအလဲလုပ်ဖို့ လိုတယ်လို့ ခံစားရတယ်။
သူသာ အဲဒါကို လုပ်နိုင်ရင် ပင်နယ်တီဧရိယာအပြင်ဘက်မှာ သူလုပ်နေတာတွေ၊ ဘယ်နောက်ခံနေရာကို ကာဗာ လုပ်ပေးနေတာတွေနဲ့ ဆိုရင် ရူးသွပ်ချင်စရာဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။