အရောင်း စာရင်းတင်ထားတဲ့ လီဗာပူးအသင်းကို ဝယ်ချင်နေတဲ့ မန်ယူ ပရိသတ် ဖိုက်တာကြီး မက်ဂရီဂေါ်

နာမည်ကြီး UFC ဖိုက်တာဟောင်း ကိုနော်မက်ဂရီဂေါ်ကတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦး ဖြစ်နေပေမယ့် သူ့အနေနဲ့ လီဗာပူးအသင်းကို ဝယ်ယူချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

လီဗာပူးကို လက်ရှိ အသင်းပိုင်ရှင်တွေ ဖြစ်တဲ့ Fenway Sports Group ဟာ အရောင်းတင်ထားတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

၂၀၁၀ အောက်တိုဘာကတည်းက အန်ဖီးလ်ကလပ်ကို ပိုင်ဆိုင်ခဲ့တဲ့ Fenway Sports Group ဟာ အသင်းမှာ ရင်းနှီးမြှပ်နှံမယ့်သူတွေ ရှယ်ယာရှင်တွေ ကိုလည်း တရားဝင်ဖိတ်ခေါ်နေပါတယ်။ ဒါကြောင့် လီဗာပူးကို ဝယ်ဖို့ စိတ်ဝင်စားနေကြတဲ့ စီးပွားရေးအုပ်စုအဖွဲ့တွေ ရှိလာကြတာပါ။

အဲဒီလိုစိတ်ဝင်စားတဲ့သူတွေထဲမှာ သူလည်း ပါဝင်ကြောင်း မက်ဂရီဂေါ်က ထုတ်ဖော် ပြောဆိုလာတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ Twiitter ပေါ်မှာ ပရိသတ်တစ်ယောက်က လီဗာပူးကို ဝယ်ဖို့စိတ်ဝင်စားလားလို့ မေးမြန်းတော့ မက်ဂရီဂေါ်က အခုလိုပြန်ဖြေခဲ့တာပါ။

”သိပ်ကို ဝယ်ချင်တာပေ့ါဗျာ။ အဲဒီအတွက် သတင်းအချက်အလည်း တောင်းထားပါတယ်။ မကြာခင် ကျွန်တော် သိရတော့မှာပါ။ သိပ်ကောင်းတဲ့ ကလပ် အသင်းပဲလေ”လို့ မက်ဂရီဂေါ်က ပြန်ရေးခဲ့ပါတယ်။

ဒါပေမဲ့ သူက လီဗာပူးရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တစ်ယောက် ဖြစ်နေတာကြောင့် အန်ဖီးလ် ပရိသတ်တွေက သူ့ကို ကြိုဆိုချင်ကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း မက်ဂရီဂေါ်ရဲ့ အသားတင် ချမ်းသာ ကြွယ်ဝမှုက အမေရိကန် ဒေါ်လာသန်း ၂၀၀ သာ ရှိတာပါ။

လီဗာပူးကို ပေါင် ၄ ဘီလီယံ ကျော် နဲ့ ရောင်းချနိုင်တယ်လို့ သတင်းထွက်နေတာကြောင့် ဝယ်ချင်တယ်ဆိုရင်တောင် မက်ဂရီဂေါ်ဟာ အခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းနိုင်ဖို့ လိုအပ်ပါတယ်။