မန်ယူအသင်းသား တစ်ဦးက နိုင်ငံလက်ရွေးစင် အသင်းထဲ မပါသင့်ဘူးလို့ နည်းပြ တန်ဟက် ယူဆနေ
မန်ချက်စတာ ယူနိုက်တက် လူငယ်လေး ဂါနာချိုဟာ မနေ့ညက အက်စ်တွန်ဗီလာနဲ့ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပေမယ့်လဲ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်းသား တစ်ယောက်အဖြစ် ပါဝင်ဖို့ အသင့် ဖြစ်ပါ့မလား လို့ မန်ယူ နည်းပြ အဲရစ်တန်ဟက်က မေးခွန်းထုတ်ခဲ့ပါတယ်။
ဂါနာချိုဟာ လူစားဝင်ကစားခဲ့ပြီးတော့ ဂိုး ၂ ဂိုး ဖန်တီးပေးခဲ့သလို ယူနိုက်တက်ဟာ နှစ်ကြိမ်တိုင် နောက်က လိုက်ကစားပြီး နောက်ဆုံးမှာ ၄-၂ နဲ့ အနိုင်ရခဲ့ကာ ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
၁၈နှစ်အရွယ် ကစားသမားရဲ့ စွမ်းဆောင်ရည်ကို တန်ဟက်က အထင်ကြီးခဲ့ပေမယ့် ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်းထဲ ပါဝင်ဖို့က သူ့အတွက် စောလွန်းနေတာ ဖြစ်နိုင်တယ်လို့ အရိပ်အမြွက်ပေးခဲ့ပါတယ်။
ဂါနာချိုဟာ အာဂျင်တီးနားရဲ့ ပဏာမ လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် အပြီးသတ် ၂၆ ယောက် လူစာရင်းကိုတော့ တနင်္ဂနွေနေ့ မတိုင်ခင် ထပ်မံကြေညာသွားမှာ ဖြစ်ပါတယ်။

“အကောင်းဆုံး ကစားသမားတွေ အတူသွားကြတဲ့ ကမ္ဘာ့ဖလားကို ပါဝင်ခွင့်ရဖို့က ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းပါ။ ဂါနာချိုအတွက် ဒါက မှန်ကန်တဲ့ ခြေလှမ်းလားဆိုတာ ကျွန်တော်မပြောတတ်ဘူး။ သူ့အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ကြိုးစားပြီး တိုးတက်အောင် လုပ်ဖို့လိုတယ်လို့ ထင်ပါတယ်။
ပြောဖို့ခက်တယ်။ အာဂျင်တီးနား ကစားသမားတွေအားလုံးရဲ့အရည်အသွေးကို ကျွန်တော်မသိဘူးလေ။ အာဂျင်တီးနားက ကစားသမား အတော်များများကို ကျွန်တော်သိပေမယ့် ၂၆ ယောက်လုံး အတိအကျတော့ မပြောတတ်ပါဘူး”လို့ တန်ဟက်က ဆိုပါတယ်။
၂၀၂၀ မှာ အက်သလက်တီကို မက်ဒရစ်ကနေ ခေါ်ယူခြင်းခံခဲ့ရတဲ့ ဂါနာချိုဟာ ပြီးခဲ့တဲ့လက ရှရစ်ဖ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အပြည့်အဝ ပွဲဦးထွက်ခဲ့ပြီးကတည်းက အထင်ကြီးစရာ လုပ်ပြခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့အပတ်က ဆိုစီဒက်နဲ့ပွဲမှာ ပထမဆုံး စီနီယာဂိုးကို သွင်းယူခဲ့သလို ဒီအပေါ်မှာ ဆက်လက် အာရုံစိုက်ထားသရွေ့ အိုးလ်ထရက်ဖို့ဒ်မှာ ပုံမှန်ကစားသမား ဖြစ်လာနိုင်တဲ့ အရည်အချင်းရှိတယ်လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။