အာဆင်နယ် လူစာရင်းက မန်စီးတီးကို ကောင်းကောင်း ယှဉ်နိုင်တယ်လို့ အဂွဲရိုး သုံးသပ် ထောက်ပြ
မန်စီးတီး တိုက်စစ်မှုးဟောင်း ဆာဂျီယို အဂွဲရိုး ကတော့ အာဆင်နယ် အသင်းမှာ ပရီးမီးယားလိဂ် စိန်ခေါ်ဖို့ လုံလောက်တဲ့ ကစားသမား စာရင်း မရှိဘူးလို့ ဝေဖန် ထောက်ပြနေ့ကြမှု အပေါ် သဘောမတူကြောင်း ဆိုလိုက်ပြီး ဂန်းနား လူစာရင်း ဟာ မန်စီးတီးကို ယှဉ်နိုင်စွမ်းရှိတယ်လို့ သုံးသပ်လိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီရာသီ ၁၃ ပွဲ ကစားရာမှာ ၁၁ ပွဲ အထိ အနိုင်ရထားပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေပေမယ့် ချန်ပီယံဆု အတွက် ရေပန်းစားခြင်းတော့ မရှိပါဘူး။ အာဆင်နယ် အသင်းရဲ့ အရန် အင်အား မတောင့်တင်းမှုကြောင့် အဓိက ကစားသမားအချို့သာ ဒဏ်ရာရ သွားရင် ဂန်းနား တို့ အဆင့် ပြန်ကျ သွားလိမ့်မယ်လို့ သုံးသပ်ကြသူတွေကလည်း အများအပြား ရှိလို့ နေပါတယ်။
မန်ချက်စတာ စီးတီး အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အဂွဲရိုး ကတော့ ဒီအယူအဆကို လက်မခံဘဲ အာဆင်နယ် သိပ်ကောင်းနေတာကို ထောက်ပြသွားခဲ့တာပါ။

” အာဆင်နယ် က ဒီရာသီကို သိပ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေပါတယ် ။ မန်စီးတီး က လီဗာပူး ကို ရှုံးနိမ့် ခဲ့ပေမယ့် အာဆင်နယ် နဲ့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေဆဲပါ။ ”
” ကမ္ဘာ့ဖလား ပြီးရင် ဘာတွေ ဖြစ်မလာလဲ ဆက်လက် စောင့်ကြည့်ကြတာပေါ့။ အာဆင်နယ် ရဲ့ လူစာရင်း က တောင့်တင်းမှု ရှိပါတယ် ၊ တခြား အသင်းတွေထက် ပိုသာနေတာက သူတို့ ဘယ်လို ကစားချင်သလဲ ဆိုတာ သူတို့ ကောင်းကောင်း သိနေတာရယ် ဆုဖလား အောင်မြင်မှု ဆာလောင်စိတ်ရယ်ပါပဲ။ ”
” လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ နည်းပြ အာတေတာ က သူ့ရဲ့လူစာရင်း အင်အားကို ဖြည့်တင်းနိုင်ပါတယ်။ ခင်ဗျားတို့က အာဆင်နယ် အကြောင်း မေးနေကြလို့ တစ်လက်စတည်း ပြောလိုက်ပါဦးမယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆာကာ ဒဏ်ရာ ရသွားတယ် မဟုတ်လား။ ”
” သူ ဒဏ်ရာ ရသွားတော့ အာတေတာ က ဘယ်သူမှ သုံးမယ် မထင်ထားတဲ့ နယ်လ်ဆင် ကို ထည့်သုံး ခဲ့ပြီး နယ်လ်ဆင်လည်း အဲ့ဒီ ပွဲမှာ အကောင်းဆုံး သူ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ် အသင်းရဲ့လူစာရင်းက အင်အားနည်းတယ်လို့ မထင်မိပါဘူး။” လို့ ပြောကြား သွားခဲ့ပါတယ်။