ချဲလ်ဆီး အသင်းအတွက် ဂရေဟမ် ပေါ်တာ အင်အားဖြည့်ဖို့ ချိန်ရွယ်နေတဲ့ ကြယ်ပွင့် ပစ်မှတ်များ

ချဲလ်ဆီး အသင်းဟာ အဓိက ကစားသမား ရီးစ် ဂျိမ်းစ်တယောက် ဒဏ်ရာရနေရင် အခက်တွေ့ရတဲ့ ညာနောက်ခံလူ နေရာကို အင်အားဖြည့်တင်းသွားဖို့ရာ ကြိုတင်စီမံလျက်ရှိနေပြီး ဥရောပရဲ့ အလားအလာကောင်းတဲ့ ကြယ်ပွင့်တွေကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းနေပါတယ်။

နည်းပြ ဂရေဟမ် ပေါ်တာဟာ ချဲလ်ဆီးအသင်း အင်အားနည်းပါးနေတဲ့ နေရာတွေကို ရာသီကုန်မှာ အဓိက အင်အားဖြည့်တင်း သွားဖို့ ဆန္ဒပြင်းနေရာဖြစ်ပြီး လတ်တလောမှာလည်း အထောင်တိုက်စစ်အတွက် ရက်ဘူးလ် လိုက်ပ်ဇစ် တိုက်စစ်မှူး ခရစ္စတိုဖီ အန်ကွန်ကူကို ခေါ်ယူဖို့ ကြိုတင်သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့အလွန်မှာ ချဲလ်ဆီးအသင်း ထပ်မံ အင်အားဖြည့်တင်းသွားမဲ့နေရာဟာ ညာနောက်ခံလူနေရာ ဖြစ်ပါတယ်။

ထို ညာစွန်ခံစစ် နေရာ အတွက် ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ကြယ်ပွင့် ဂျရေမီ ဖရင်းပေါင်၊ အင်တာမီလန်အသင်းရဲ့ ဒန်ဆယ် ဒွန်ဖရိုင်းစ်နဲ့ လီယွန်အသင်းရဲ့ လူငယ်ကစားသမားလေး မယ်လို ဂူစတိုတို့ကို ချဲလ်ဆီးက အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အထူးသဖြင့် အင်တာမီလန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဒန်ဆယ် ဒွန်ဖရိုင်းစ်ဟာ ချဲလ်ဆီးအသင်းရဲ့ နံပါတ် ၁ ပစ်မှတ်ဖြစ်ပြီး လွန်ခဲ့တဲ့ အပြောင်းအရွှေ့တွေကတည်းက ပစ်မှတ်ထားခဲ့တာဖြစ်ကာ အကြောင်း အမျိုးမျိုးကြောင့်သာ အပြောင်းအရွှေ့ကို အကောင်အထည် မဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီနှစ်ရာသီကုန်မှာတော့ ချဲလ်ဆီးအသင်းဟာ ဒွန်ဖရိုင်းစ်ကို အရခေါ်ယူနိုင်ဖို့ရာ အခြေအနေကောင်းနေပြီး အင်တာမီလန်အသင်းကလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ခန့် ရမယ်ဆိုရင်ပဲ နယ်သာလန်သားကို လက်လွှတ် ပေးသွားလိမ့်မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဆိုထားပါတယ်။

ဂျရေမီ ဖရင်းပေါင်ကတော့ ပြိုင်ဘက် မန်ယူအသင်းကလည်း ပစ်မှတ်ထားနေတာကြောင့် ချဲလ်ဆီးအသင်း ခေါ်ယူရ ခက်ခဲနိုင်ဖွယ် ရှိနေပြီး ဂူစတိုကတော့ အသက် ၁၉ နှစ်အရွယ်သာ ရှိနေသေးတဲ့ လူငယ် ကစားသမားလေး ဖြစ်တာကြောင့် ချက်ချင်း အသုံးပြုဖို့ရာတော့ မရှိနိုင်ပါဘူး။

ချဲလ်ဆီးအသင်းရဲ့ ညာ‌နောက်ခံလူ နေရာမှာ ရီးစ် ဂျိမ်းစ်ဟာ အမှန်တကယ်ကို စွမ်းဆောင်ရည်မြင့်မားတဲ့ ကစားသမား ဖြစ်ပေမဲ့ ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရတဲ့ အခြေအနေတွေကြောင့် အစားထိုးနိုင်ဖို့ ချဲလ်ဆီးအသင်း စီစဉ်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာ့ဖလားကို ဒဏ်ရာကြောင့် လွဲချော်ထားတဲ့ အင်္ဂလန်သားနေရာမှာ လော့ဖ်တက်စ်-ချိခ်နဲ့ စတာလင်းတို့လို ကစားသမားတွေကို သုံးစွဲနေရပါတယ်။