အားလုံးကို ရိုက်ခတ်သွားစေတဲ့ ရော်နယ်ဒို အင်တာဗျူး၊ လစာ လျှော့ခံရမယ့် ဒီဂီယာ၊ ဘယ်လင်ဟမ်၊ ဗန်ဒီဘိခ်တို့နဲ့ ယနေ့ မန်ယူ သတင်းတိုများ

ဒီနေ့ နံနက် အစောပိုင်းမှာ ထွက်ပေါ် လာခဲ့တဲ့ ပီယာစ့် မော်ဂန် နဲ့ ရော်နယ်ဒို တို့ရဲ့ အင်တာဗျူး အပိုင်းအစ အချို့ဟာ ဘောလုံး ပရိသတ်တွေကြား အကြီးအကျယ် ဂယက်ရိုက် သွားခဲ့ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ဟာ ဗြိတိန် ရုပ်သံ အစီအစဉ် တင်ဆက်သူ မော်ဂန် နဲ့ မိနစ် ၉၀ ကြာ အင်တာဗျူး ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပေါ် လာတဲ့ အင်တာဗျူး အပိုင်းအစတွေမှာ ရော်နယ်ဒို ဟာ ယူနိုက်တက် တာဝန်ရှိသူတွေကို အကြီးအကျယ် ဝေဖန်ခဲ့သလို နည်းပြ တန်ဟက်ကိုလည်း လေးစားမှု မထားနိုင်ကြောင်း ပြောခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး၊ ရော်နယ်ဒို က အသင်းဟာ သူ့အပေါ် သစ္စာဖောက် ခဲ့ကြောင်း ဆိုခဲ့ပြီး အသင်းဖော်ဟောင်း ဝိန်းရွန်းနီ ရဲ့ဝေဖန်မှုတွေကလည်း သူ့ အပေါ် မနာလိုလု့ ပြောတာ ဖြစ်မယ်လို့လည်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်သလို ရော်နယ်ဒို ရဲ့ အမာခံပရိသတ်တစ်ဦးလည်း ဖြစ်တဲ့ မော်ဂန် ကတော့ ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ပြီးသွားရင် ယူနိုက်တက် အသင်းမှာ ဆက်ရှိဖို့ အခွင့်အရေး နည်းပါးကြောင်း ဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာ ကို အသင်းမှာ ဆက်နေချင်တယ် ဆိုရင် လစာလျှော့ယူဖို့ လက်ခံရမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။ အင်္ဂလန်သတင်းတွေ အဆိုအရ ယူနိုက်တက်ဟာ ဒီဂီယာကို တစ်နှစ် သက်တမ်း တိုးခွင့် အသက် မသွင်းဘဲ လက်ရှိ တစ်ပတ် ပေါင် ၃၇၅ဝဝဝ လစာကနေ တစ်သိန်းလောက် လျှော့ချလိုနေပါတယ်။

ဒေါ့မွန် စီအီးအို က ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးချိန်ကျရင် မန်ယူ ပစ်မှတ်ထားနေတဲ့ ဘယ်လင်ဟမ်နဲ့ အနာဂတ် ကိစ္စ ဆွေးနွေးမှာ ဖြစ်ကြောင်း အတည်ပြု ထုတ်ဖော်ပြောဆိုသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ပက်ထရစ် အီဗရာက အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်အား အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။