ကာတာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခြေ အများဆုံး အသင်း ၃ သင်းကို လီယွန်နယ် မက်ဆီ ရွေးချယ်
ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားအသင်းရဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ် မက်ဆီ က ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာ ဗိုလ်စွဲဖို့ အလားအလာအကောင်းဆုံး အသင်း ၃ သင်း ကို ရွေးချယ် ပေးသွားခဲ့ပါတယ်။
ဒီ ကာတာ ကမ္ဘာ့ဖလားဟာ ဘာလွန်းဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီ အတွက် နောက်ဆုံး နိုင်ငံတကာ ပြိုင်ပွဲကြီး ဖြစ်သွားဖို့ ရှိနေပါတယ်။ ဘောလုံး ပရိသတ်အများစုကတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုနဲ့ ကပ်လွဲ ခဲ့ရတဲ့ မက်ဆီ ကို ဒီနှစ်တော့ ချန်ပီယံ ဖြစ်စေချင်နေကြပါတယ်။
မက်ဆီ ရဲ့ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီး ၊ ပြင်သစ် တို့ရဲ့ နောက် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး တတိယ နေရာမှာ ရှိနေပါတယ်။

မက်ဆီ ကတော့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မှာ သူတို့ အသင်းထက် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်း ၃ သင်း ရှိတယ်လို့ CONMEBOL နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။
” ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေကတော့ အမြဲတမ်း ဒီအသင်းတွေပါပဲ ။ တစ်ချို့ အသင်းတွေ surprise အဖြစ် ပါတတ်ကြပေမယ့် ယေဘုယျအားဖြင့်တော့ အသင်းကြီး အများစု ကိုပဲ ထည့်သွင်း ထားကြတာပါ။ ”
” ကျန်တဲ့ အသင်းတွေ အားလုံးထက် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်နေတာကတော့ ဘရာဇီး ၊ ပြင်သစ် နဲ့ အင်္ဂလန် ပါ ။ သူတို့က တခြားအသင်းတွေထက် နည်းနည်းသာနေပါတယ်၊ ဒါပေမယ့် ကမ္ဘာ့ဖလားမှာက ဘာမဆို ဖြစ်သွားနိုင်ချေလည်း ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။
မက်ဆီ ရဲ့ အာဂျင်တီးနား အသင်းဟာ နိုင်ငံတကာ ပြိုင်ပွဲမှာ ရှုံးပွဲ မရှိတာ ၃၅ ပွဲဆက် ရှိနေပြီ ဖြစ်တဲ့ အသင်း ဖြစ်ပါတယ် ။ အာဂျင်တီးနား ဟာ ကမ္ဘာ့ဖလား မှာ မက်ဆီကို၊ ပိုလန်၊ ဆော်ဒီအာရေဘီယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွဲ့ပွဲစဉ် အဖြစ် ဆော်ဒီအာရေဘီယား နဲ့ ကစားရမှာပါ။
အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်မှီ ခြေစမ်းပွဲ အဖြစ် မနက်ဖြန်မှာ ယူအေအီး အသင်း နဲ့ ကစားဖို့လည်း ရှိနေပါတယ်။