အာဆင်နယ် အဓိက ပစ်မှတ် မူဒရစ် အတွက် ယူရို သန်း ၁ဝဝ ဈေးခေါ်တဲ့ ရှက်တာ၊ ကြားဝင် ပါလာတဲ့ စီးတီးနဲ့ နယူးကာဆယ်
ပရီးမီးယားလိဂ်မှာ ဓနအင်အားတောင့်တင်းတဲ့ အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ်တို့က အာဆင်နယ်ရဲ့ ဇန်နဝါရီ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ ရှက်တာဒိုးနက် လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။
အသက် ၂၁နှစ် အရွယ် ယူကရိန်း လူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ် က ယခုနှစ် ဘောလုံး ရာသီမှာ ရှက်တာဒိုးနက်နဲ့အတူ တောက်ပနေသူ ဖြစ်ပြီး သူက ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။

မူဒရစ်ခ်ဟာ ဘယ်၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို အလိမ်အခေါက် စွမ်းရည် မြင့်မားပြီး အကွက်မြင်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အနာဂတ်မှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်လာဖို့ သေချာနေသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပရဲ့ အင်အားကြီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က မူဒရစ်ခ် ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် နောက်ထပ် ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ်တို့ကလည်း မာဒရစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နယူးကာဆယ်က မူဒရစ်ခ် အတွက် ရှက်တာဒိုးနက်ရဲ့ တောင်းဆိုမှု အားလုံးကို လိုက်လျောဖို့ပါ ပြင်ဆင်ထားကြောင်း သိရပါတယ်။
ရှက်တာဒိုးနက်က သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် မူဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း အထိ လိုချင်နေပြီး ရှက်တာဒိုးနက်ဘက်က မူဒရစ်ခ် ကို ယူရို ၁၀၀သန်း တန်ကြေး သတ်မှတ်ထားကြောင်းအား နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုပေးထားပါတယ်။
မူဒရစ်ခ်ကတော့ တခြားအသင်းတွေထက် နိုင်ငံလက်ရွေးစင် အသင်းဖော် ဖြစ်သူ ဇင်ချန်ကို ရှိနေတဲ့ အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း အာဆင်နယ် ပရိသတ်တွေက သူ့ကို သူတို့အသင်းဆီ ပြောင်းလာဖို့ လာရောက် ပြောဆိုနေကြကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။