ဒီ ကမ္ဘာ့ဖလားမှာ အင်္ဂလန်က အုပ်စုပဲ ကျော်မှာ၊ ၁၆ သင်းကနေ လှည့်ပြန်ရမှာလို့ ဟောကိန်းထုတ်တဲ့ အီတူး

အင်တာမီလန်၊ ဘာစီလိုနာအသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဆမ်မြူရယ်အီတူးကတော့ လာမယ့် ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကြီး အင်္ဂလန်အသင်းက အုပ်စုပဲ ကျော်နိုင်မယ် လို့ သုံးသပ်သွားခဲ့ပါတယ်။

အီတူးဟာ လက်ရှိမှာ ကင်မရွန်းဘောလုံးအဖွဲ့ချူပ် ဥက္ကဌ အဖြစ် တာဝန်ယူနေသူပါ။

နည်းပြ ဆောက်ဂိတ် ကိုင်တွယ်နေတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ပရီးမီးယားလိဂ် အခြေစိုက် ထိပ်တန်း ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပေမဲ့ အုပ်စုအဆင့်ကို ကျော်နိုင်ခဲ့ပါက အိမ်ရှင် ကာတာ အသင်းနဲ့ ထိပ်တိုက်တွေ့ကာ လှည့်ပြန်ရနိုင်တယ်လို့ အီတူးက ယူဆထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ထားခြင်း ခံထားရတဲ့ အီတူး၊ ကာဖူးနဲ့ ကာဟေး တို့အနေဖြင့် ပြိုင်ပွဲမစတင်မီမှာပဲ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ထွက်ပေါ်လာနိုင်တဲ့ ရလဒ်တွေကို ဆွေးနွေးနေကြရင်း အီတူးက ထိုသို့ သုံးသပ်လာခဲ့တာပါ။

အီတူးက အမေရိကန်၊ အင်္ဂလန်၊ အီရန်၊ ဝေးလ်အသင်းတို့ ရဲ့ အုပ်စု (ခ) မှာ အင်္ဂလန်နဲ့ အီရန်တို့ အုပ်စုအဆင့်ကို ကျော်လွှားနိုင်ကာ တစ်ဖက်မှ အုပ်စု (က) မှာတော့ နယ်သာလန် အသင်းနဲ့ အိမ်ရှင် ကာတာအသင်းတို့ အုပ်စု အဆင့်ကနေ လွတ်မြောက်လာဖွယ် ရှိပါတယ်။

ဒါောကာင့် နာမည်ကျော် အင်္ဂလန်လက်ရွေးစင်အသင်းအနေဖြင့် ၁၆သင်း အဆင့်မှာပဲ ကာတာအသင်းနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ကစားရကာ လှည့်ပြန်လာရနိုင်ခြေရှိတယ်လို့ ခန့်မှန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ရလဒ်ပိုင်းကို ကြိတင် ခန့်မှန်းထားရုံတင်မကဘဲ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် တွေ့ဆုံမည့် အသင်းနှစ်သင်းကို ပါ ခန့်မှန်းထားကာ အဆိုပါ ဗိုလ်လုပွဲစဉ်သို့ တက်ရောက်လာမည့် အသင်းနှစ်သင်းကတော့ ကင်မရွန်းနဲ့ မော်ရိုကို အသင်းတို့ပဲ ဖြစ်ပါတယ်။

အီတူးရဲ့ ခန့်မှန်းပြောဆိုချက်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ကနေ ဘောလုံး ပရိသတ်တွေကတော့ ပြန် ဝေဖန်နေကြ ပါတယ်။