ဘာစီလိုနာမှာ နေရာ မရတဲ့ အပယ်ခံ ကစားသမားကို ဇန်နဝါရီမှာ ခေါ်ဖို့ ချဲလ်ဆီး လှုပ်ရှားနေ
ချဲလ်ဆီး အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့်တွေ အလွန်နည်းပါးနေရတဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေပါ ပြုလုပ်နေပါတယ်။
အသက်(၂၈)နှစ် အရွယ် နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ဒီရာသီမှာ ဘာစီလိုနာ အသင်းအတွက် လာလီဂါ(၂)ပွဲ ချန်ပီယံလိဂ်(၁)ပွဲ စုစုပေါင်း (၃)ပွဲမှာပါ လာလီဂါ(၂)ပွဲကလွဲပြီး ချန်ပီယံလိဂ်မှာ အရန်သာ ကစားခဲ့ရတဲ့ အခြေအနေ ဖြစ်နေရပါတယ်။
ဒီပိုင်းဟာ လတ်တလောမှာလည်း ပေါင်ဒဏ်ရာ ခံစားနေရပါတယ်။ ဒါ့အပြင် ဒီပိုင်းဟာ လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး လက်ရှိ အခြေအနေအရ သက်တမ်း တိုးဖို့ကလည်း မရှိတာကြောင့် ဒီပိုင်းအနေနဲ့ ဘာစီလိုနာကနေ စွန့်ခွာရဖို့က သေချာသလောက် ရှိနေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဒီပိုင်းကို ဆီဗီလာအသင်းအပြင် နွေရာသီကတည်းက ဒီပိုင်းကို ခေါ်ယူချင်ခဲ့တဲ့ ချဲလ်ဆီး အသင်းကပါ တစ်ကျော့ပြန် စိတ်ဝင်စားလာခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒီပိုင်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီပိုင်းကိုယ်တိုင်က ဘာစီလိုနာမှာ ဆက်နေပြီး ပွဲကစားခွင့်တွေ ရရှိဖို့အတွက် တိုက်ပွဲဝင်သွားဖို့ကိုသာ ဆုံးဖြတ်ခဲ့လို့ အပြောင်းအရွှေ့က ပေါ်ပေါက်မလာခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာက လီဝန်ဒေါစကီး ရာဖင်ညာတို့ကို ခေါ်ယူခဲ့သလို ဒမ်ဘီလီကိုလည်း စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာကြောင့် ဒီပိုင်း အတွက် ပွဲကစားခွင့်တွေက ပိုမို နည်းပါးလာရပြီး အပယ်ခံလို ဖြစ်လာရပါတယ်။
ဒီအခြေအနေ ကြောင့် ဒီပိုင်းက ကမ္ဘာ့ဖလားအပြီး ဇန်နဝါရီလထဲမှာပဲ ဘာစီလိုနာကို စွန့်ခွာဖွယ် ရှိနေတာကြောင့် ဒါကို ချဲလ်ဆီး ဘက်က အခွင့်ကောင်းယူသွားချင်နေသလို ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင် ထားတယ်လို့ သိရပါတယ်။