ကမ္ဘာ့ဖလား ပြိုင်ပွဲတောင် မစသေးဘူး၊ မက်ဆီကတော့ ရွှေဖိနပ် ရသွားပါပြီ

အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှုး မက်ဆီက ဆော်ဒီအာရေဗီယားနဲ့ ကစားရမယ့် အုပ်စုအဖွင့်ပွဲကစပြီး Adidas က အထူး ဖန်တီး ထုတ်လုပ်ပေးလိုက်တဲ့ ရွှေဖိနပ်သစ်ကို ဝတ်ဆင်ကစားတော့မှာ ဖြစ်ပါတယ်။

မက်ဆီအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက အာဂျင်တီးနား မီဒီယာတွေနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျုးမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြီးရင် အနားယူပြီလို့ မက်ဆီက အတည်ပြုခဲ့ပါတယ်။

မက်ဆီဟာ သူရဲ့ ကစားသမားဘဝ တစ်လျောက် ကမ္ဘာ့ဖလားက လွဲလို့ မရဖူးတဲ့ ဖလားအောင်မြင်မှု မရှိခဲ့ပါဘူး။

၂၀၁၄ ကမ္ဘာ့ဖလားတုန်းကလည်း အာဂျင်တီးနားဟာ ချန်ပီယံဖြစ်လုနီးဖြစ်ခဲ့ပေမယ့် အချိန်ပိုမှာ ဂျာမနီကို ရှုံးခဲ့လို့ ကမ္ဘာ့ဖလားနဲ့ လွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းကတော့ အာဂျင်တီးနားဟာ ကိုပါ အမေရိကဖလား ချန်ပီယံဆုရခဲ့ပြီး မက်ဆီအတွက်လည်း လက်ရွေးစင် အသင်းကြီးနဲ့ ပထမဆုံး အောင်မြင်မှု ရရှိခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားဟာ ဘရာဇီး ပြီးနောက် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

မက်ဆီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်နေတာ အပြင် အာဂျင်တီးနားရဲ့ နိင်ငံတကာပွဲ ၃၆ ပွဲဆက်တိုက် မရှုံးခဲ့တဲ့ မှတ်တမ်း၊ အာဂျင်တီးနား ကစားသမားတွေရဲ့ တွဲကစားတဲ့သက်တမ်းကြာလာပြီးစည်းလုံးမှုတွေ ပိုရလာတာတွေ ကြောင့်လည်း လူကြိုက်များတဲ့ ရေပန်းစားစာရင်းဝင်နေတာပါ။

ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးခြေစမ်းပွဲမှာလည်း အာဂျင်တီးနားဟာ ယူအေအီးကို ၅-၀ နဲ့ အနိုင်ရခဲ့ တာကြောင့် လက်ရွေးစင် အသင်းအနေနဲ့ နိုင်ငံတကာပွဲတွေမှာ ၃၆ ပွဲဆက်တိုက် မရှုံးတဲ့စံချိန်ကို ရောက်လာခဲ့ပါပြီ။

နိုဝင်ဘာ ၂၂ရက်၊ ညနေ ၄း၃၀ အချိန်မှာ ဆော်ဒီအာရေဗီယား နဲ့ အုပ်စုအဖွင့်ပွဲကစားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ မရှုံးခဲ့ရင်တော့ အီတလီရဲ့ ၃၇ ပွဲဆက်တိုက် မရှုံးတဲ့ ကမ္ဘာ့စံချိန်ကို လိုက်မီမှာပါ။

အာဂျင်တီးနားဟာ အုပ်စု C မှာ ဆော်ဒီအာရေဗီယား၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ ဆက်ကစားရမှာဖြစ်ပြီး မက်ဆီကလည်း Adidas က အထူးထုတ်လုပ်ပေးထားတဲ့ Adidas X Speedportal ဖိနပ်ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

ဒီဖိနပ်မှာ စပိန်ဘာသာနဲ့ Leyenda လီယန်ဒါ လို့ ရေးထိုးထားပြီး ဂန္ဓဝင်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွန်းကာ မက်ဆီကို ဂုဏ်ပြုပေးထားတာလည်း ဖြစ်ပါတယ်။

ရွှေဖိနပ်သစ်နဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကမ္ဘာ့ချန်ပီယံ ရွှေဖလားကြီးကို မက်ဆီ ရယူနိုင်ခြင်း ရှိ မရှိကတော့ စောင့်ကြည့် ရင်ခုန်ရဦးမှာ ဖြစ်ပါတယ်။