ကမ္ဘာ့ဖလားနဲ့ လွဲတဲ့ ဘင်ဇီမာ၊ ဒိုလေးကို ချော့ပြီး စာချုပ်ဖျက်မယ့် မန်ယူ၊ မောင့် ကို အလဲအထပ် လုပ်မယ့် ချဲလ်ဆီးနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ပြင်သစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘင်ဇီမာဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာကြောင့် ယခု ကာတာ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။

ပြင်သစ် အသင်းနည်းပြ ဒမ်ချမ့်ကတော့ ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတဲ့ ဘင်ဇီမာရဲ့ ကိစ္စအပေါ် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘင်ဇီမာ နေရာ အစားထိုး ခေါ်ယူဖို့ မာရှယ်၊ ဘန်ရက်ဒါနဲ့ ဒီယာဘီ တို့ ရေပန်းစားနေပါတယ်။

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းတွေအနက် အင်္ဂလန် အသင်းပိုင်ဆိုင်ထားတဲ့ ကစားသမား စုစုပေါင်းတန်ကြေးဟာ ပေါင် ၁.၃ ဘီလီယံအထိ ရှိနေတာကြောင့် တန်ကြေးအမြင့်ဆုံး အသင်းအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေကြောင်း သတင်းရရှိပါတယ်။

စပိန်အသင်းနောက်ခံလူ ဂါစီယာကတော့ ယခုတစ်ခေါက် ၎င်းတို့အသင်းရဲ့ အတွဲအဖက်က ပြည့်စုံကောင်းမွန်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

စပါးနည်းပြဟောင်း ပိုချက်တီနိုကတော့ အမ် ဘတ်ပေ တစ်ယောက် ဘလွန်းဒီအော ဆု ရယူဖို့အတွက် ပီအက်စ်ဂျီအသင်းကို စွန့်ခွါသွားနိုင်ခြေရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ် တောင်ပံ တိုက်စစ်သမား ဖက်ရီကို ချီယေဆာ ကို ခေါ်ယူဖို့ စဉ်းစားနေပြီး အလဲ အထပ် အဖြစ် မေဆန်မောင့် ကို ထည့်သွင်း ကမ်းလှမ်းဖွယ် ရှိကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ ဂျူဗင်တပ် ကလည်း မောင့်ကိုသာ ထည့်ပေးရင် ချီယေဆာ ကို လက်လွှတ်လိုနေပါတယ်။

မန်ယူအသင်းဟာ တရားရေးအရ မဟုတ်ပဲ ၎င်းတို့ကြားက ရင်းနှီးခဲ့ဖူးတဲ့ ဆက်ဆံရေးကို အသုံးချကာ ရော်နယ်ဒိုကို စာချုပ် ဖျက်သိမ်းပေးဖို့ အေးဂျင့်မှတစ်ဆင့် ကြိုးစားသွားဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။

နာပိုလီအသင်းဟာ မန်ယူအသင်းနဲ့ လမ်းခွဲဖို့ သေချာသလောက်ရှိနေတဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ အခြေအနေ စောင့်ကြည့်နေကြောင်း သတင်းရရှိပါတယ်။

မန်စီးတီးရဲ့ သန်း ၁၀၀ တန် ကစားသမား ဂျက် ဂရီးလစ်ရှ်ဟာ သူ့ရဲ့ အသင်းအခြေအနေကြောင့် စီးတီး က ရောင်းထုတ်ဖို့ ကြိုးစားလာမှာကို စိုးရိမ်နေပါတယ်။

အီတလီ အသင်း နည်းပြ မန်ချီနီကတော့ ယခုတစ်ခေါက် ကမ္ဘာ့ဖလားကို အာဂျင်တီးနား ဗိုလ်စွဲသွားမှာ ဖြစ်ကြောင်း ကြိုတင် သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။