လုပ်ခ ၁ဝ ဆ တိုးပေးပြီး လူငယ်ကြယ်ပွင့်လေးကို အသင်းမှာ ဆက်ချုပ်ထားမယ့် မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့အတွက် ဂါနာချိုရဲ့ လက်ရှိ လုပ်ခလစာရဲ့ (၁၀)စာ အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။
လက်ရှိမှာ အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား လူငယ် တိုက်စစ်ကစားသမားလေး ဂါနာချိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း နည်းပြအဲရစ်တန်ဟက်ဂ် လက်အောက်မှာ ပွဲကစားခွင့်တွေ ဆက်တိုက် ရရှိလာခဲ့ပြီး ဂါနာချို ကိုယ်တိုင်ကလည်း ဒီအခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။
၂၀၂၀ခုနှစ်မှာပဲ အသက်လက်တီကိုကနေ ယူနိုက်တက် လူငယ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဂါနာချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ ယူနိုက်တက် ယူ-၁၈အသင်းနဲ့ အလွန် ထွန်းတောက်လာနိုင်ခဲ့ပြီး လက်ရှိရာသီမှာလည်း အခုအချိန်ထိ (၈)ပွဲထိ ကစားထားရသလို သွင်းဂိုး(၂)ဂိုးထိပါ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။

အလားအလာကောင်းတွေ များစွာပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့်လေး ဂါနာချိုဟာ လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဂါနာချိုရဲ့ စာချုပ်အခြေအနေကိုလည်း ကလပ်အသင်းများစွာက စောင့်ကြည့်နေတာကြောင့် ယူနိုက်တက်ဘက်က သူတို့ကစားသမားလေးကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ဂါနာချိုဟာ လက်ရှိ ယူနိုက်တက်အသင်းမှာ အပိုဆုကြေးတွေ အပါအဝင် တစ်ပတ်လုပ်ခ ပေါင်(၅၀၀၀)သာ ရရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်နေတာကြောင့် သူရဲ့ လုပ်ခလစာကို ပေါင်(၅၀၀၀၀)အထိ ဆယ်စာတိုးမြှင့်ပေးပြီး စာချုပ်သက်တမ်း တိုးသွားဖို့ ယူနိုက်တက်ဘက်က ကြိုးပမ်းလာခဲ့ပါတယ်။
နိုဝင်ဘာလရဲ့ အကောင်းဆုံး ယူနိုက်တက် ကစားသမားဆုကိုပါ ပိုင်ဆိုင်ထားခဲ့ရတဲ့ ဂါနာချိုဟာ ရီးယဲလ်မက်ဒရစ် ဘာစီလိုနာတို့လို အင်အားကြီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်က ယူနိုက်တက်မှာ ကစားနေရခြင်းကိုသာ သဘောကျနေတဲ့အတွက် ယူနိုက်တက်ရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကိုလည်း လက်ခံသွားဖွယ် ရှိနေပါတယ်။