GOAT နှစ်ဦးရဲ့ LV ကြော်ငြာ နောက်က နက်နဲတဲ့ အဓိပ္ပါယ်ကို ဘောလုံးပရိသတ်များ ပုံဖော်နေကြ

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား(GOAT)နှစ်ဦး အဖြစ် သတ်မှတ် ခံထားရတဲ့ စီ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာ တွေပေါ်မှာ မနေ့ညက တပြိုင်နက်တည်း Post တင်ခဲ့ပြီး အဲဒီဓာတ်ပုံက ပရိသတ်တွေကြားမှာ စိတ်ဝင်စား စရာ အကောင်းဆုံးဖြစ်နေပါတယ်။

စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ ကြော်ငြာအဖြစ် နှစ်ယောက် အတူ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပြီး အဲဒီပုံတစ်ပုံအတွက် Louis Vuitton ကုမ္ပဏီဟာ ပေါင်(၆)သန်းနီးပါး အသုံးပြုခဲ့ရပါတယ်။

စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ LV သေတ္တာအိတ်ပေါ်မှာ စစ်တုရင် ကစားနေတဲ့ပုံကို ရိုက်ကူးခဲ့ပြီး ‘အောင်မြင်မှု ဆိုတာ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးအပေါ် မူတည်ပါတယ်’ဆိုတဲ့ Caption နဲ့အတူ သူတို့ရဲ့ Facebook နဲ့ Instagram စာမျက်နှာတွေပေါ်မှာ Post တင်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံကို နှစ်ယောက်စလုံးရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Like လုပ်တဲ့သူ အရေအတွက် (၂၄)သန်းကျော် ရှိခဲ့ပြီး ပရိသတ်အများစုက ဒါဟာ သာမန်ဓာတ်ပုံမဟုတ်ဘဲ နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ အများကြီး ရှိတယ်လို့ ယူဆနေကြပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားအဖွင့်ပွဲတုန်းက ကမ္ဘာ့ဖလားရွှေစင်ဆုကို LV သေတ္တာအိတ်ထဲမှာ ထည့်သွင်းပြီး ကွင်းထဲ ယူဆောင် ခဲ့တာကြောင့် အခု စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ဓာတ်ပုံထဲမှာပါတဲ့ LV အိတ်ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုယ်စားပြုတယ် လို့ ထင်ကြေးပေးနေကြပါတယ်။

စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ဒီတကြိမ်မှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ တစ်ယောက်ကို တစ်ယောက် အလျှော့မပေး စတမ်း ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ သဘောဖြစ်တယ်လို့ ပရိသတ်တွေက အဓိပ္ပါယ်ဖော်နေကြပါတယ်။

အသက်(၃၅)နှစ် အရွယ် မက်ဆီနဲ့ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုတို့ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝတစ်လျှောက် ကြီးကျယ်ခမ်းနားတဲ့ ဆုဖလားအောင်မြင်မှု၊ တစ်ဦးချင်း အကောင်းဆုံး ဆုတွေကို တလှည့်စီ ရယူနိုင်ခဲ့ပေမယ့် နှစ်ယောက်စလုံးအတွက် ကွက်လပ်ဖြစ်နေတာ ကမ္ဘာ့ဖလားချန်ပီယံဆုပါပဲ။

မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင်အသင်းက အနားယူမယ်လို့ လူသိရှင်ကြားဝန်ခံပြောဆိုခဲ့သလို စီရော်နယ်လ်ဒိုအနေနဲ့လည်း အသက်အရွယ်အရ အခု ကမ္ဘာ့ဖလားပြီးရင် လက်ရွေးစင်အသင်း ကစားသမားဘဝကို အဆုံးသတ်ရဖို့ရှိပါတယ်။

အဲဒါကြောင့် သူတို့နှစ်ယောက်ရဲ့ နိုင်ငံကစားသမားဘ၀ အဆုံးမသတ်ခင် ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့က အရေးပါတဲ့ကိစ္စဖြစ်နေပြီး အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာသက်ဆိုင်ရာလက်ရွေးစင်အသင်းတွေနဲ့ ချန်ပီယံဖြစ်ဖို့ အပြိုင် ကြိုးစားကြမှာဖြစ်ပါတယ်။