အိမ်ရှင် ကာတာရဲ့ အစဉ်အလာပျက် ရှုံးပွဲ၊ ထရိန်နင်မှာ ရန်ဖြစ်နေတဲ့ မာရှယ်၊ ဒိုလေးကို ငြင်းတဲ့ ရိုးမားနဲ့ ယနေ့ နံနက်ခင်း ထူးခြား သတင်းများ

ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်နဲ့ ဖွင့်ပွဲ အခမ်းအနားကို မနေ့ညက ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ကာတာရဲ့ Al Bayt အားကစားကွင်းထဲမှာ ပြုလုပ်ခဲ့ပြီး နာမည်ကျော် သရုပ်ဆောင် မော်ဂန် ဖရီးမန်း၊ တောင်ကိုရီးယား နာမည်ကျော် အဆိုတော်အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Jung Kook တို့က ပါဝင် ဖျော်ဖြေ သွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကိုတော့ ဖွင့်ပွဲအပြီးမှာ ကစားခဲ့ပြီး အိမ်ရှင် ကာတာအသင်းက အီကွေဒေါအသင်းကို အဖွင့် ပွဲစဉ်မှာတင် ဝ-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အဖွင့်ပွဲ မှာတော့ အီကွေဒေါ ဟာ အိမ်ရှင် ကာတာ အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ကမ္ဘာ့ဖလား ကို စတင် ဖွင့်လှစ်ခဲ့ ပါတယ် ။ အီကွေဒေါ အတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး အန်နာ ဗလင်စီယာ က သွင်းယူပေး ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် ကမ္ဘာ့ဖလား သမိုင်းမှာ အိမ်ရှင်အသင်းတွေ အဖွင့်ပွဲ မရှုံးဘူးတဲ့ မှတ်တမ်းတခု ကျိုးပျက် သွားခဲ့ ရပါတယ်။

အာဆင်နယ် ကြယ်ပွင့်လေး ဘူကာယို ဆာကာ ဟာ ဒီနေ့ ကစားမယ့် အင်္ဂလန် ရဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ် မှာ ပွဲထွက် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ကနဦးက ပါဝင်မယ်လို့ သတင်းကြီးနေတဲ့ ဖီးလ် ဖိုဒန် ကတော့ အရန်စာရင်းကနေ ပါဝင်မယ်လို့ သိရပါတယ်။

လက်စတာ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ကတော့ မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာလည်း မပါဝင်ခဲ့ တာကြောင့် အီရန် နဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲကို လွဲဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမီရို လူကာကူ ဟာ ကြံ့ခိုင်မှု မပြည့်၀ သေးတာကြောင့် အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ၂ ပွဲ အထိ လွဲချော်ဖို့ ရှိတယ်လို့ ကြားသိရ ပါတယ်။

ကနေဒါ ရဲ့ အဓိက ကစားသမား အယ်လ်ဖွန်ဆို ဒေဗီးစ် ကတော့ သူ့ရဲ့ ဒဏ်ရာ အခြေအနေ တိုးတက် ကောင်းမွန် နေပြီး ကမ္ဘာ့ဖလား အဖွင့်ပွဲ ကို ပါဝင် ကစားပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆို ခဲ့ ပါတယ်။

မန်ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာရှယ် ဟာ မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာ ယူ-၁၈ ကစားသမား တယောက်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုကြောင့် ဒေါသထွက်ပြီး အချင်းများခဲ့တယ်လို့ သိရပါတယ်။

ရိုးမား အသင်း ဒါရိုက်တာ ပင်တို က သူတို့ဟာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ဘယ်လို အစီအစဉ်မှ မရှိပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ကာ ရိုးမား နဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး တို့အကြောင်းတွေဟာ ကောလဟာလ သက်သက် ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ်။

ချယ်ဆီးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို ကင်းထောက် စောင့်ကြည့် သွားမှာပါ။ ပစ်ဖို့ဒ်က နည်းပြ ပေါ်တာရဲ့ အလိုရှိစာရင်းထဲမှာ နံပါတ်တစ်နေရာက ရောဘတ် ဆန်းချက်ရဲ့နောက်မှာ ရှိနေတာ ဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂမ်ဟာ အသင်းဟောင်း နုရင်ဘတ်ကို တစ်နေ့ကျရင် ပြန်သွားချင်တယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်လူဟာ နုရင်ဘတ်မှာ ကစားသမားဘဝ စတင်ခဲ့ပြီး အကောင်းဆုံး အချိန်တချို့ ရရှိခဲ့တာဖြစ်ပါတယ်။ ဂန်ဒိုဂမ်အနေနဲ့ ဘာစီလိုနာနဲ့ ချိတ်ဆက်မှုရှိနေတဲ့ကြားက နုရင်ဘတ်ဆီ ပြန်လိုနေတာပါ။