ကာတာမှာ ကမောက်ကမ လုပ်ရတာ အားမရလို့ နောက်ထပ် မထင်မှတ်တဲ့ နိုင်ငံကို အိမ်ရှင် ဖြစ်ခွင့်ပေးချင်တဲ့ ဖီဖာ

ဖီဖာ ဥက္ကဌ အင်ဖန်တီနိုဟာ လာမယ့် အနာဂတ်မှာ ဘယ်သူမှ ထင်ထားမှာ မဟုတ်တဲ့ မြောက်ကိုရီးယား နိုင်ငံ ကို ကမ္ဘာ့ဖလားအိမ်ရှင် အဖြစ် ကျင်းပခွင့် ပေးချင်နေပြီး အဲဒါက စစ်မှန်တဲ့အပြောင်းအလဲကို ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဖီဖာဥက္ကဌက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာ ကာတာကို ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အငြင်းပွားဖွယ် ကျင်းပခွင့် ပြုခဲ့တဲ့ကိစ္စကို ရှင်းလင်းခဲ့ရတာဖြစ်ပြီး ဘောလုံးဟာ ကမ္ဘာကြီးကို စည်းလုံးအောင် အသုံးပြုနိုင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အင်ဖန်တီနိုက ဘယ်လိုနိုင်ငံမျိုးမဆို နိုင်ငံတကာ ပြိုင်ပွဲကြီးကို လက်ခံကျင်းပနိုင်ဖို့အတွက် အခွင့်အရေး ရရှိသင့်တယ် လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဖီဖာက ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအဖွဲ့အစည်းပါ။ ကျွန်တော်တို့က ဘောလုံးချစ်မြတ်နိုးတဲ့သူတွေပါ။ နိုင်ငံရေး သမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူတွေကို အတူတကွ ပေါင်းစည်းစေချင်ပါတယ်” လို့ The Athletic ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖီဖာဥက္ကဌက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပနိုင်ခြင်းရှိ၊ မရှိ သိရှိနိုင်ဖို့ အတွက် မြောက်ကိုရီးယားကို အလည်အပတ်သွားရောက်ခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဘယ်လိုနိုင်ငံမျိုးမဆို ပွဲကျင်းပနိုင်ပါတယ်။ တကယ်လို့ မြောက်ကိုရီးယားကလည်း တစ်စုံတရာကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပချင်တယ်ဆိုရင်ပေါ့။

ကျွန်တော် လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မြောက်ကိုရီးယားကို သူတို့တွေ တောင် ကိုရီးယားနဲ့အတူ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တစိတ်တပိုင်း အိမ်ရှင်အဖြစ် ကျင်းပဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးမြန်းဖို့ သွားခဲ့ပါတယ်။ အင်း။ ကျွန်တော် မအောင်မြင်ခဲ့တာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် အကူအညီသာ ဖြစ်မယ်ဆိုရင် နောက်ထပ် အကြိမ် ၁၀၀ လောက် သွားမှာပါ”

“တွေ့ဆုံဆွေးနွေးမှုကပဲ စစ်မှန်တဲ့ အပြောင်းအလဲကို ယူဆောင်လာနိုင်ပါတယ်။ ကျွန်တော်တို့က ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာကြီးကို စည်းလုံးစေတဲ့ အဖွဲ့အစည်းအဖြစ်ပဲ ဆက်ရှိနေချင်ပါတယ်”လို့ ဖီဖာ ဥက္ကဌ အင်ဖန်တီနို က ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဖန်တီနိုက ကာတာမှာ ကွဲပြားခြားနားတဲ့ ယုံကြည်မှုတွေ ရှိနေချိန်မှာ နိုင်ငံ ၃၂ နိုင်ငံအနေနဲ့ ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒါကြောင့် ခင်ဗျား ဒီကို လာပြီး တစ်ခုခု မှားယွင်းနေတယ်ဆိုရင် ပြောရုံတင်မကဘဲ ကျွန်တော် အဲဒါကို ဘယ်လို ပြင်ရမလဲဆိုတာကိုပါ ပြောပါ။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ အကူအညီပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်” လို့လည်း ပြောကြားခဲ့ပါတယ်။