မက်ဆီနဲ့ အာဂျင်တီးနား တင်မက တကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ ဆောဒီရဲ့ နိုင်ပွဲ
ယနေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဆော်ဒီ အာရေဗျတို့ရဲ့ ပွဲစဉ်မှာ ဆော်ဒီ အာရေဗျအသင်းက ၂-၁ နဲ့ အံ့အားသင့်ဖွယ် အုပ်စုအဖွင့် လှသွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲစဉ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ရဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံးရလဒ်ဖြစ်နိုင်ပြီး ရေပန်းအစားဆုံးအာဂျင်ကတော့ ဆော်ဒီကို အမှတ်မထင် အရေးနိမ့်ခဲ့ပါတယ်။
အာဂျင်တီးနားက ဒီပွဲမှာ ၄-၄-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ လော်တာရို မာတီနက်ဇ်၊ မက်ဆီ၊ ဒီမာရီယာတို့ကို တွဲပေးခဲ့ပါတယ်။
ကွင်းလယ်မှာ ပါရီဒက်စ်၊ ဒီပေါလ်၊ ဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာတော့ တက်လိုင်ဖီဂို၊ အော်တာမန်ဒီ၊ ရိုမီရို၊ မိုလီနာတို့ကို ကစားစေခဲ့ပါတယ်။ ဆော်ဒီက ၄-၁-၄-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး သူတို့ရဲ့ တောင့်တင်းဆုံး ကစားသမားတွေနဲ့ပဲ အာဂျင်ကို ရင်ဆိုင်ခဲ့တာပါ။
အာဂျင်တီးနားတို့ဟာ ပွဲအစကတည်းက လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ဆင်ခဲ့ပြီး ပွဲအစပိုင်း မိနစ်တွေမှာတင် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။

အာဂျင်တီးနားအတွက် ပွဲချိန်အစောပိုင်းမှာပဲ မက်ဆီက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူပေးခဲ့လို့ ဂိုးပြတ်နိုင်ပွဲ ရတော့မယ်လို့ ထင်ခဲ့ရတာပါ။ တကယ်လည်း နောက်ထပ် ၃ ဂိုးအထိ အာဂျင်တီးနားတို့ ထပ်သွင်းခဲ့ပေမယ့် လူကျွံဘောတွေချည်းပဲဖြစ်ခဲ့ကာ ဂိုးထပ်မရဖြစ်ခဲ့ပြီး ပထမပိုင်းကို ၁-၀ နဲ့ပဲ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတော့ ဆော်ဒီက ချေပဂိုးသွင်းပြီး အာဂျင်တီးနားကို ဖိအားပေးလိုက်ပါတယ်။ ချေပဂိုးရပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်ဦးဆောင်ဂိုးကို ဆော်ဒီက ထပ်သွင်းခဲ့ပြီး အာဂျင်တီးနားကို ချောက်ကမ်းပါးစွန်းဆီ ပို့လိုက်ပါတယ်။ေ
ချပဂိုးပြန်ရဖို့အတွက် အာဂျင်တီးနားတို့ ကစားသမားအပြောင်းအလဲတွေပြုလုပ်ပြီး တိုက်စစ်ဆင်ကစားခဲ့ပေမယ့် သူတို့ရဲ့ ပုံမှန်ခြေစွမ်းကို ပြန်ရဖို့တော့ မလွယ်ကူခဲ့ပါဘူး။

ဆော်ဒီက ဦးဆောင်ဂိုးရပြီးတဲ့နောက်မှာ ခံစစ်ကို ပိုအားပြုခဲ့သလို အမှားမရှိအောင်လည်းကစားခဲ့လို့ မက်ဆီ ကိုယ်တိုင်လည်း ရုန်းကန်ခဲ့ရပါတယ်။ တချက်တချက် ဆော်ဒီရဲ့ တိုက်စစ်ဆင်မှုကတောင် သူတို့ကို ပြန် ခြိမ်းခြောက်နိုင် ခဲ့ပြီး အာဂျင်တီးနားပုံစံက ဗိုလ်စွဲမယ့်အသင်းတသင်းရဲ့ အနေအထားမှာ မရှိတာကိုပါ တွေ့ခဲ့ရပါတယ်။
၃၆ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်နဲ့ ကာတာကို ရောက်လာခဲ့တဲ့ အာဂျင်တီးနားဟာ ဆော်ဒီလို အာရှအသင်းနဲ့အတွေ့မှာမှ မထင်မှတ်ဘဲ စံချိန်ကျိုးပျက်ခဲ့ရပါတယ်။
ဗိုလ်စွဲဖို့ ရေပန်းစားနေပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးကြီးမားမားထားခံရတဲ့ အာဂျင်တီးနားတို့ အဖွင့်ပွဲမှာ ကောင်းကောင်းကြီး ပညာပေးခံခဲ့ရပြီး နောက်တစ်ပွဲတောင် အရှုံးခံလို့ မရတော့ဘဲ အုပ်စုအဆင့်က တက်ဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။