Ronaldo’s Effect ကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ရောင်းထုတ်တော့မယ့် ဂလေဇာ မိသားစု
အသင်းပိုင်ရှင်ကို မောင်းထုတ်ချင်နေတဲ့ မန်ယူပရိသတ်တွေရဲ့ ဆန္ဒကတော့ နောက်ဆုံးမှာတော့ ပြည့်ဝတော့မှာပါ။ ဂလေဇာ မိသားစုဟာ ရင်းနှီးမြှုပ်နှံမှုအသစ်ကို ရှာဖွေနေပြီး အဲဒီအတွက် ကလပ်အသင်းကို ရောင်းချရင်ရောင်းချ ဒါမှမဟုတ် တတိယပုဂ္ဂိုလ်တဦးနဲ့ အစုအစပ် တွဲဖက်လုပ်တဲ့ပုံစံမျိုးကို ပြောင်းလဲဖို့ စဉ်းစားနေပြီဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၇ နှစ်ခန့်တုန်းက မန်ယူအသင်းကို ဝယ်ယူခဲ့တဲ့ အမေရိကန်မိသားစုဟာ ဘယ်တုန်းအခါကမျှ ပရိသတ်တွေရဲ့ မေတ္တာကို မရခဲ့ဘဲ အစဉ်အဆက် ဆန္ဒပြဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒါပေမဲ့လည်း ပရိသတ်တွေ အလိုမရှိတဲ့ ကြားကနေ မန်ယူအသင်းအပေါ် စိတ်ပါဝင်စားဟန်လည်းမပြ၊ ရင်းနှီး မြှုပ်နှံမှုတွေလည်း သေသေချာချာ ပြုလုပ်ပေးခဲ့ခြင်း မရှိဘဲ နေလာခဲ့တာ ကြာမြင့်နေပါပြီ။

ဂန္ထဝင်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်ခေတ်တုန်းကတော့ အောင်မြင်မှုတွေ ရယူထားနိုင်ဆဲ ဖြစ်တာကြောင့် မသိသာခဲ့ပေမဲ့ စကော့သားကြီး အနားယူချိန်ကစပြီးတော့ မန်ယူအသင်း ကျဆင်းသွားခဲ့တာဟာ ဒီဘက်နှစ်ပိုင်းတွေမှာ အဆိုးရွားဆုံး အခြေအနေအထိ ရောက်ရှိလို့ လာခဲ့ပါတယ်။
နည်းပြတွေ အကြိမ်ကြိမ် ပြောင်းလဲခဲ့ပေမဲ့ အသင်းပိုင်ရှင်ကိုယ်တိုင်က စနစ်ကျတဲ့ အားကစားစီမံကိန်းတွေနဲ့အတူ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒမရှိတာကြောင့် မန်ယူအသင်းဟာ ဒီဘက်နှစ်ပိုင်းတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် ရုန်းကန်နေရတဲ့ဘဝ ဖြစ်လာခဲ့တာပါ။
အဝတ်လဲခန်းကြား ပြဿနာတွေ၊ အိုဟောင်းနေပြီဖြစ်တဲ့ လေ့ကျင့်ရေးကွင်း၊ ဘာမျှပြောင်းလဲခြင်း မရှိတဲ့ အားကစားခန်းမ အစရှိတာတွေဟာ ဒီဘက်ခေတ် မန်ယူရဲ့ အခြေအနေကို ဖော်ပြနေပြီး ပရိသတ်တွေအနေနဲ့တော့ စိတ်ပျက်နေရုံကလွဲပြီး ဘာမျှမတတ်နိုင်တဲ့ အခြေအနေပါ။
ဒါပေမဲ့လည်း ဒီလပိုင်းအတွင်းမှာတော့ ပုံရိပ်ကြီးမားတဲ့ ကစားသမားတဦးလို့ ဆိုရမဲ့ ရော်နယ်ဒိုကိုယ်တိုင်က ပီယာမော်ဂန်စ်နဲ့ အင်တာဗျူးမှာ ဂလေဇာမိသားစုအပါအဝင် မန်ယူအသင်းရဲ့ လက်ရှိအခြေအနေတွေကို ပြတ်ပြတ်သားသားပဲ ပေါ်တင်ဝေဖန်ခဲ့တာကြောင့် အသင်းကို အပြောင်းအလဲ လုပ်လာဟန် ရှိပါတယ်။
ရော်နယ်ဒို အင်တာဗျူးဟာ လူပြောများခဲ့ပြီး သူကိုယ်တိုင်လည်း မန်ယူအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲကာ စာချုပ် ဖျက်သိမ်း လိုက်ရပြီ ဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့တော့ ဂလေဇာမိသားစုအနေနဲ့ မန်ယူအသင်းနဲ့ ဒီအတိုင်း ရှေ့ဆက်ဖို့ရာ မဖြစ်နိုင်တော့ဘဲ မိတ်ဖက် ဘဏ်တွေကိုယ်တိုင်က ရင်းနှီးမြှုပ်နှံသူအသစ်ရှာတာ ပိုကောင်းမယ်လို့ အကြံပြုခဲ့ပြီးနောက်မှာ နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မန်ယူအသင်းကို ရောင်းချဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ပိုင်ရှင်အသစ်ကိုပဲ မြင်တွေ့ရမလား၊ ဂလေဇာတို့နဲ့ တွဲဖက်လုပ်ကိုင်မဲ့ ရင်နှီးမြှုပ်နှံသူအသစ်ကိုပဲ မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။