ပြင်သစ်နဲ့ အတူ ခြေစွမ်းပြခဲ့တဲ့ အမ်ဘာပေက နောက်ထပ် GOAT တစ်ဦးပဲလို့ ပရိသတ်တွေ ချီးကျူးနေကြ

ဘောလုံး ပရိသတ်တွေဟာ မနေ့ညက သြစတြေးလျနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်အသင်းကို အံ့အားသင့်ဖွယ် နိုင်ပွဲပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ ရဲ့ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့် ခဲ့ကြရပါတယ်။

လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဟာ ကာရင် ဘန်ဇီးမား၊ ပေါ့ဂ်ဘာ၊ ကွန်တေတို့လို အဓိက ကစားသမားတွေ ဒဏ်ရာ ပြဿနာကြောင့် မပါဝင်နိုင်တဲ့ ပြဿနာအများအပြားနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ သြစတြေးလျနဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ ခံစစ်ကစားပုံအချို့ကြောင့် အစောပိုင်းကတည်းက နောက်ကနေ လိုက်ကစားခဲ့ရပြီး စိတ်ပျက်စရာ စတင်မှုဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် အက်ဒရီယန် ရာဗျိုက အနီးကပ်ပိတ်သွင်းပြီး ချေပဂိုးသွင်းယူပြီးနောက် ဂျီရူးက ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်နိုင်စေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အမ်ဘာပေဟာ ဒုတိယပိုင်းမှာ တကမ္ဘာလုံးရဲ့ အာရုံကို ၎င်းရဲ့ ကြောက်မက်ဖွယ် အဆုံးသတ်နဲ့အတူ ဆွဲဆောင်နိုင်ခဲ့ပြီး ပြင်သစ်အတွက် အနိုင် သေချာစေခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ တောင်ပံက ပြိုင်ဘက်ကစားသမားကို ထူးခြားကောင်းမွန်တဲ့ပုံစံနဲ့ အလဲထိုးပြီး သီယာရီ အွန်နရီရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့တဲ့ ဂျီရူး ခေါင်းတိုက်သွင်းယူနိုင်အောင် ခုတ်တင်ပေးပို့နိုင်ခဲ့ချိန်မှာ အချိုပေါ် သကာဆင့်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိမယ့်သူအဖြစ် လူအများစုရဲ့ ဟောကိန်းထုတ်ခြင်းကို ခံခဲ့ရပြီး သြစတြေးလျနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် တွစ်တာလူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ဘာပေ ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

“အမ်ဘာပေ သူ့အတွက်နဲ့ တခြားလူတွေအတွက် သက်တောင့်သက်သာ ဖန်တီးပေးနိုင်မှု၊ အခွင့်အရေးတွေရဲ့ အဆုံးသတ်ကို ဝင်ရောက်နိုင်မှု၊ ချိတ်ဆက်ကစားနိုင်စွမ်း၊ နောက်ထိဆင်းကစားပေးတာ၊ ခံစစ်ကစားသမားတွေကို ဆွဲခေါ်တာ၊ ညာတောင်ပံရော ဘယ်တောင်ပံမှာပါ ကစားနေချိန်အတွင်း အပြင်ကရော အတွင်းက ကစားသမားတွေကိုပါ အလဲထိုးနိုင်တာတွေက အံ့အားသင့်စရာကောင်းတယ်။ သူ ဒီဟာတွေကို လုပ်နေခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ”လို့ ပရိသတ်တစ်ဦး ပြောကြားခဲ့ပါတယ်။

“ကျွန်တော် GOAT အငြင်းအခုံကို ၁၀ နှစ်လောက် ဘက်မှားပြီး ရပ်တည်ခဲ့ပြီး ကျွန်တော် အမ်ဘာပေနဲ့ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် အမှားလုပ်တော့မှာမဟုတ်ဘူး။ မင်းက GOAT ပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အမ်ဘာပေက အင်္ဂါနေ့ညမှာ ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူနိုင်သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ချိန်မှာ တဖက်မှာ ကလပ် အသင်းဖော် မက်ဆီကတော့ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ ဆော်ဒီ အာရေဗျနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းနိုင်ခဲ့ပေမယ့်လည်း အာဂျင်တီးနားက ၂-၁ နဲ့ ရှုံးသွားခဲ့ပါတယ်။