ပီအက်စ်ဂျီကနေ ထွက်ခွာရင် အမ်ဘတ်ပီ ပြောင်းကို ပြောင်းသင့်တဲ့ အသင်းကို ချန်ပီယံဟောင်း ထောက်ပြ

ပြင်သစ် အသင်းသား အမ်ဘတ်ပီဟာ ထိန်းချုပ်ရခက်ခဲတဲ့ တိုက်စစ်သမားဖြစ်ပြီး အနာဂတ်မှာ သူ ပီအက်စ်ဂျီကနေ ထွက်ခွာတဲ့အခါ ပြောင်းရွှေ့ ကစားသင့်တဲ့ အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဟောင်း ကွန်ပနီက အကြံပေးစကား ပြောဆိုခဲ့ပါတယ်။

အမ်ဘတ်ပီဟာ ပြင်သစ်တို့ ဩစတေးလျကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အပြင် ပြိုင်ဘက် ခံစစ်ကို ၎င်းရဲ့ ပြေးအား တိုက်ရိုက်ထိုးဖောက်မှုတွေနဲ့ အတော်လေး ဒုက္ခပေး ကစားခဲ့ပါတယ်။

ဘယ်ဂျီယံ နောက်ခံလူဟောင်း ကွန်ပနီကတော့ ကမ္ဘာ့ဖလားရဲ့ အတောက်ပဆုံး တိုက်စစ်သမားဖြစ်နေတဲ့ အမ်ဘက်ပီရဲ့ ခြေစွမ်းကို အထူး ချီးကျူးလိုက်ပြီး ၎င်း ပုံစံကောင်း ရနေချိန်မှာ ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ကွန်ပနီက “ သူတို့ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်တွေ ပေးနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ မက်ဆီ၊ ရော်နယ်ဒို၊ ရော်နယ်ဒင်ညိုတို့လို ကစားသမားတွေပေါ့။

အကယ်လို့ အမ်ဘတ်ပီ အနေနဲ့ ဒီခြေစွမ်းတွေအတိုင်း ဆက်ပြီး ကစားနေမယ် လုပ်ပြနေမယ်ဆိုရင် သူ့လို ကစားသမားမျိုးကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလှပါတယ်။ ပြင်သစ်မှာက ပွဲရလဒ်ကို ခြားနားမှု ဖြစ်စေမယ့် ဒီလို ပွဲကြီး ကစားသမားမျိုး ရှိနေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အမ်ဘတ်ပေဟာ လာလီဂါထံ ပြောင်းနိုင်ကြောင်း သတင်းကြီးထားခဲ့ပေမယ့် ကွန်ပနီကတော့ ပြင်သစ်သားအတွက် သင့်လျော်မှု အရှိဆုံး ကလပ်ဟာ မန်စီးတီးပဲဖြစ်ကာ ဂွာဒီယိုလာ လက်အောက်ထံ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။

ကွန်ပနီက “ သူ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွေ့နိုင်တယ်လို့ လူတော်တော်များများ ယူဆထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပီအက်ဂျီနဲ့ အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးချင်နေပါတယ်။ ဒါဟာ သူ့အတွက် အတော်လေးကို အဓိပ္ပာယ် ရှိနေပါတယ်။

ကျနော်ကတော့ သူ့ကို ကမ္ဘာ့အကောင်းဆုံးလိဂ်က ကမ္ဘာ့အကောင်းဆုံး နည်းပြလက်အောက်မှာ အကောင်းဆုံး ကစားသမားတွေနဲ့ တွဲဖက်ကစား စေချင်ပါတယ်။

ဘယ်သူလဲဆိုတာ ခင်ဗျားတို့ပဲ ခန့်မှန်း ကြည့်လိုက်လေ။ ပက်ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာစီးတီး ပါပဲ။ အဲဒီနောက် ခင်ဗျားတို့ အမ်ဘက်ပေရဲ့ အကောင်းဆုံး version ကို မြင်ရပါလိမ့်မယ်” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။