ကမ္ဘာ့ဖလား ထူးခြား စံချိန်သစ် ရသွားပြီး အာဂျင်တီးနားကို ထမ်းတင်ပေးခဲ့ပြန်တဲ့ လီယွန်နယ် မက်ဆီ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကတော့ မက္ကဆီကိုနဲ့ပွဲမှာ အသင်းရရှိတဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ကာ နောက်တဆင့်ကို တက်ရောက်နိုင်မယ့် မျှော်လင့်ချက်တွေကို ရယူပေးသွားခဲ့ပါတယ်။

ထိုပွဲမှာ မက်ဆီက ကိုယ်တိုင် ၁ ဂိုးသွင်းယူခဲ့သလို အန်ဇိုဖာနန်ဒက်ဇ်အတွက်လည်း ဖန်တီးမှုပြုလုပ်ပေးခဲ့ကာ ခြေစွမ်းပြ ခဲ့တာလည်းဖြစ်ပါတယ်။

ဖန်တီးမှုတကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာကြောင့် မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ဖန်တီးပေးနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစုစုပေါင်းက ၈ ဂိုးအထိရှိခဲ့ကာ အာဂျင်တီးနားဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီသွားခဲ့ပြီလည်းဖြစ်ပါတယ်။

အာဂျင်တီးနားကတော့ မက်ဆီကိုပဲ အားကိုးနေရတဲ့ ပုံံစံမှာရှိနေခဲ့ပြီး မက်ဆီသာ လှုပ်မရရင် သူတို့တသင်းလုံး ဘာမှလုပ်မရဘူးဆိုတဲ့ အနေအထားကို ပြန်ရောက်နေပါတယ်။

ဆော်ဒီကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ပုံစံကောင်းမျိုးကို ပြန်လည်ရရှိဖို့ ရုန်းကန်နေရတာကို မြင်တွေ့ နေရပြီး မနေ့ညကပွဲမှာတော့ မက်ဆီက တော်တော်လေးရုန်းကစားပေးသွားခဲ့ပါတယ်။

မက်ဆီကတော့ အသင်းမဖြစ်မနေအနိုင်ရဖို့ လိုအပ်နေချိန်မှ သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ လှပတဲ့ အဝေး ကန်ချက်နဲ့ အတူ ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့သလို နိုင်ပွဲရဖို့စိတ်ချရစေမယ့် ဒုတိယမြောက်ဂိုးအတွက်ပါ ဖန်တီးပေးခဲ့ပါတယ်။

အာဂျင်တီးနားက အုပ်စုနောက်ဆုံးပွဲအဖြစ် ပိုလန်နဲ့ကစားရမှာဖြစ်ပြီး အနိုင်ရရှိမှသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။