ရော်နယ်ဒိုက ချဲလ်ဆီး လုံးဝ မခေါ်ဖို့ အကြောင်းပြချက်နဲ့တကွ သတိပေးသွားတဲ့ ကွင်းလယ် လူဟောင်း

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျွန်အိုဘီ မီခေးလ်ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ တိုက်စစ်မှူး စီ ရော်နယ်ဒိုကို မခေါ်ယူဖို့ သူ့အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။

ရော်နယ်ဒိုကို ချဲလ်ဆီး အသင်းပိုင်ရှင်တော့ဒ်ဘိုလေက စိတ်ဝင်စားနေတာဖြစ်ပြီး ခေါ်ယူဖွယ်ရှိတယ်လို့ သတင်း ထွက်လာချိန်မှာ မီခေးလ်က သတိပေးစကား ဆိုလိုက်တာပါ။

“ကျနော်က ဘယ်တုန်းကမှ သူ့ ပရိသတ်မဟုတ်ခဲ့ဘူး၊ ကျနော့်အတွက် ကစားသမားတဦးက မာနနဲ့ အတ္တ အရမ်း ကြီးမားနေပြီဆိုရင် အဲလို ကစားသမားကို ကျနော် သဘောမကျတော့ဘူး၊

သူက ကျနော့် အကြိုက်ဆုံး ကစားသမား တဦးတောင်မှ မဟုတ်ခဲ့ပါဘူး၊ ဒါကြောင့်လည်း ကျနော်က မက်ဆီကို အမြဲတမ်း အားပေးနေတာပေါ့”

“ကျနော်ပြောချင်တာကတော့ တယောက်ယောက်က ဒီလိုအင်တာဗျူးတခုထွက်လာရင် ဘာလုပ်မယ်လို့ ခင်ဗျား စဉ်းစားထားလဲ၊ အဲဒီကစားသမားကို ခင်ဗျားက ဇန်နဝါရီမှာ ခေါ်ယူမယ်ဆိုရင် သူက ဒီလိုမျိုးထပ်လုပ်မှာမဟုတ်ဘူးလို့ ခင်ဗျား ထင်နေတာလား။

ဒီတော့ အသင်းတိုင်း သူ့ကို သတိထားသင့်တယ်လို့ ကျနော်ပြောချင်ပါတယ်၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ သူက ရော်နယ်ဒိုပါ၊ အကောင်းဆုံးတွေထဲက တဦးပါ”

“ဇန်နဝါရီမှာ သူ နောက်ထပ်အသင်းတသင်းဆီ ရောက်ပြီး သူ့ကစားသမားဘဝကို ဆက်ဦးမှာပါ” လို့ မီခေးလ်က ဆိုခဲ့ပါတယ်။

မန်ယူမှာ အဆင်မပြေခဲ့သလို အသင်းသစ်မှာလည်း ဒီလိုမျိုးတွေကို ရော်နယ်ဒို ထပ်လုပ်နိုင်တယ်လို့ သတိပေးခဲ့ပြီး ဒါကြောင့် ချဲလ်ဆီးကို ပြန်စဉ်းစားဖို့လည်း မီခေးလ်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုကို ဆော်ဒီကလပ်တွေက ကမ်းလှမ်းထားတယ်လို့ သိရပြီး တပတ်လုပ်ခကို ပေါင်သန်းနဲ့ချီကာ ပေးချေသွာဖို့ အသင့်ရှိနေတယ်လို့လည်း သိရပါတယ်။