အောင်ပွဲခံတာ ပြောစရာ ဖြစ်ခဲ့တဲ့ ရော်နယ်ဒို၊ အုပ်စုတက်သွားတဲ့ အသင်းများ၊ မက်ဆီ၊ ဂါဗီတို့နဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ ဘရာဇီး နဲ့ ပေါ်တူဂီ တို့ နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့ကြပါတယ်။

ဘရာဇီး ဟာ ဆွစ်ဇာလန် ကို ၁-၀ နဲ့ အနိုင်ရပြီး ၆ မှတ်နဲ့ နောက်တဆင့် တက်နိုင်ခဲ့သလို ပေါ်တူဂီ ကလည်း ဥရုဂွေး ကို ၂-၀ နဲ့ အနိုင် ကစားကာ ၁၆ သင်းဆင့်ကို တက်ရောက် နိုင်ခဲ့ကြ ပါတယ်။

ပေါ်တူဂီ အတွက် ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးမှာ ရော်နယ်ဒို က သူ့ခေါင်းနဲ့ ထိပြီး ဝင်သွားတယ် ထင်ခဲ့လို့ သူ့ဂိုး အဖြစ် ပွဲခံခဲ့တာကလည်း ပြောစရာ ဖြစ်နေပါတယ်။

ကင်မရွန်း နဲ့ ဆားဘီးယား တို့ကတော့ အခု ကမ္ဘာ့ဖလား ရဲ့ အကျိတ်အနယ် အရှိဆုံး ပွဲစဉ် ဖြစ်ခဲ့ပြီး တဘက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ ပါတယ်။ တောင်ကိုရီးယား အသင်းကတော့ ဂါနာ အသင်းကို ၃-၂ နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။ အဆိုပါ ပွဲမှာ တောင်ကိုရီးယား နည်းပြ ပေါ်လို ဘန်တို ဟာ ပွဲပြီးချိန်မှာ အနီကတ် နဲ့ ထုတ်ခံခဲ့ရပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ဝေးလ် နဲ့ ကစားမယ့် အုပ်စု နောက်ဆုံးပွဲမှာ ဂျုဒ် ဘယ်လင်ဂမ် ကို အနားပေးပြီး လီဗာပူး ကွင်းလယ်လူ ဟန်ဒါဆင် ကို အသုံးပြု သွားဖွယ် ရှိတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

လီယွန်နယ် မက်ဆီ ရဲ့ အေးဂျင့် ဖြစ်သူကတော့ အင်တာ မိုင်ယာမီ အသင်းနဲ့ သတင်း ထွက်ပေါ် နေမှုတွေဟာ မမှန်ကန်တဲ့ သတင်းတုတွေ ဖြစ်တယ်လို့ ငြင်းဆန် ပြောဆို သွားခဲ့ ပါတယ်။

FA Cup ရဲ့ တတိယ အဆင့် မဲခွဲမှု ကို မနေ့က ပြုလုပ် သွားခဲ့ပြီး အသင်းကြီးတွေထဲမှာ မန်စီးတီး – ချဲလ်ဆီး၊ စပါး – ပိုစ့်မောက်၊ မန်ချက်စတာ ယူနိုက်တက် – အဲဗာတန်၊ လီဗာပူး – ဝုဗ်၊ အောက်စ်ဖိုဒ့် – အာဆင်နယ် တို့ ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

စပိန် ရဲ့ လူငယ် ကြယ်ပွင့်လေး ဂါဗီ ဟာ မနေ့က ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ မပါဝင် နိုင်ခဲ့ပါဘူး။ ဂါဗီ ဟာ ဂျာမနီ နဲ့ သရေကျတဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ဂျပန် နဲ့ ပွဲကို လွဲချော် ရလောက်အောင်တော့ မပြင်းထန်ပါဘူး။