ဂိုးမရတာပဲ ပြောနေတဲ့ ဝေဖန်သူတွေ ကို တုန့်ပြန်လာတဲ့ အာဆင်နယ်နဲ့ ဘရာဇီး တိုက်စစ်မှုး ဂျေးဆု
အာဆင်နယ်နဲ့ ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဆုက ၎င်းအနေနဲ့ လုံလောက်တဲ့သွင်းဂိုးတွေ သွင်းယူနေခြင်း မရှိဘူးလို့ ဝေဖန်နေသူတွေကို ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။
ဂျေးဆုဟာ လက်ရှိ ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ ပွဲစလုံးကို လူစားဝင်ကစားသမားအဖြစ် ပါဝင် ကစားပေးခဲ့သူဖြစ်ပြီး ကာတာမှာ ကောင်းကောင်း စွမ်းဆောင်ထားနိုင်ပေမယ့်လည်း ရစ်ချာလီဆန်၊ ဗင်နီးရှပ်စ် ဂျူနီယာတို့ အပါအဝင် အသင်းဖော်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အားနည်းနေတာဖြစ်ပါတယ်။
ဆွစ်ဇာလန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ ပွဲအပြီး စကားပြောဆိုရာမှာ ဂျေးဆု က ၎င်းရဲ့ သွင်းဂိုးတွေ ကင်းမဲ့နေမှုက အရေးမကြီးပါဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က အခုရော နောင်ရော ဂိုးတွေသွင်းယူနေသင့်တဲ့ ကစားသမားဆိုတာ မှန်ပါတယ်။ ကျွန်တော်ဒီမှာ ဂိုးတွေသွင်းဖို့ ရှိနေတာပါ။ ကျွန်တော် ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ ကျွန်တော် ဂိုးသွင်းယူဖို့ ကြိုးစားသလို အကူအညီပေးနိုင်ဖို့လည်း ကြိုးစားပါတယ်။
ကျွန်တော်တို့ အနိုင်ရတဲ့အချိန်မှာ ကျွန်တော်လည်း ပျော်ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် အဲဒီအကြောင်းကို မစဉ်းစားနေပါဘူး။ ကျွန်တော် အခွင့်အရေးရင် ကျွန်တော် ဂိုးသွင်းမှာပါ။ ကျွန်တော် အဲဒါတော့ သေချာပါတယ်”
“ကျွန်တော့်ရဲ့ အဆုံးသတ်က ပြဿနာလို့ မထင်ပါဘူး။ ကျွန်တော်တု့ိ အဆုံးသတ်နဲ့ပတ်သက်ပြီး ပြောနိုင်တယ်။ ဒါပေမယ့် အပြောသင့်ဆုံးအရာကတော့ ကျွန်တော်ရခဲ့တဲ့ အခွင့်အရေးတွေပါ။
အာဆင်နယ်က ဘောလုံးက ဒီက ဘောလုံးနဲ့ ကွဲပြားခြားနားပါတယ်။ ကျွန်တော် အခွင့်အရေးအနည်းငယ် ရရှိ ခဲ့တာတောင်မှပဲ ကျွန်တော် ဆုံးရှုံးခဲ့တယ်။ အဲဒါက ဆုံးဖြတ်ချက်နဲ့ မဆိုင်ပါဘူး။ ကျွန်တော် ရာသီကို ကောင်းကောင်း စတင်နိုင်ခဲ့ပြီး ဘယ်သူကမှ အဲဒီအကြောင်း မပြောကြဘူး။
ဒါပေမယ့် အဲဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် သိပ်မကြာခင် ဘောလုံးကို ဂိုးပိုက်ထဲ ကန်ထည့်မှာဖြစ်ပြီး အဲဒီကျရင် နောက်ထပ်တစ်ကြိမ် ကျွန်တော် ရပ်တန့်တော့မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးကနေ အမ်းမရိတ်စ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေဆီကနေ အကောင်းအဆိုး ရောထွေးတဲ့ တုံ့ပြန်မှုမျိုး ရရှိခဲ့တာဖြစ်ပါတယ်။