အာတီတာ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ကစားသမား ကို အာဆင်နယ် တို့ ခေါ်ယူပေးတော့မည်

အာဆင်နယ် အသင်းဟာ နည်းပြ အာတီတာ နှစ်အတော်ကြာ ခေါ်ယူချင်ခဲ့တဲ့ ပီအက်စ်ဂျီ ကွင်းလယ်ကြယ်ပွင့် ကားလို့စ် ဆိုလာကို ခေါ်ယူပေးသွားမယ် လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂန်းနားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်ရာသီ ရပ်နားထားချိန်မှာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံ မန်ချက်စတာ စီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာအနေနဲ့ ကမ္ဘာ့ဖလားအပြီးမှာ အမှတ်ပေးဖလားကို အမှန်တကယ်စိန်ခေါ်နိုင်ဖို့အတွက်ဆိုရင် အင်အားနည်းပါးနေတဲ့ လူစာရင်းကို အရည်အသွေးမြင့်ကစားသမားတွေ ထပ်မံဖြည့်တင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တဖက်မှာ ပီအက်စ်ဂျီအသင်းဟာ FFP ကြောင့် ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုအပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒီအခြေအနေကြောင့် ကားလို့စ် ဆိုလာဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့အတွက် လမ်းကြောင်း ပေါ်လာတော့မှာဖြစ်ပါတယ်။

ပြင်သစ် သတင်းတွေ အဆို အရ အာဆင်နယ်ဟာ ပီအက်စ်ဂျီကွင်းလယ်ကစားသမားအနေနဲ့ ခေါ်ယူလို့ရနိုင်တဲ့ အခြေအနေရှိတယ် ဆိုရင် ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

၂၀၂၀ မတ်လတုန်းက စကိုင်းစပေါ့ သတင်းဌာနက အာတီတာဟာ ကားလို့စ် ဆိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ ဖော်ပြခဲ့ပြီး စပိန်သတင်းဌာန El Demarque က ၂၀၂၁ ဇန်နဝါရီလမှာ အာဆင်နယ်က စပိန်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆိုလာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပီအက်စ်ဂျီကို ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့်လည်း ပုံမှန် ပွဲထွက်ခွင့် တစ်နေရာ ရရှိခြင်း မရှိသေးပါဘူး။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဗလင်စီယာကနေ ပြောင်းရွှေ့လာပြီးကတည်းက လိဂန်းမှာ ၄ ကြိမ်သာ ပွဲထွက်ပါဝင်ကစားပေးထားရသေးတာဖြစ်ပြီး ချန်ပီယံလိဂ်မှာ တစ်ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်ကွင်းလယ်ကစားသမားဟာ ပီအက်စ်ဂျီအတွက် ၁၂ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုး ဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ထားနိုင်ဆဲဖြစ်ပြီး ဂန်းနားတွေဟာ ကွင်းလယ်တိုက်စစ်အဖြစ်ရော တောင်ပံမှာပါ ကစားပေးနိုင်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ကာလရှည် သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။