မက်ဆီ ပင်နယ်တီ လွဲသွားတာ ကောင်းတယ် ဆိုတဲ့ ဖာဒီနန်၊ ပေးစရာ ကို မလိုဘူးလို့ ထောက်ခံတဲ့ မာဖီနဲ့ ရှီးရား

ပြီးခဲ့တဲ့ အာဂျင်တီးနားနဲ့ ပိုလန်တို့ရဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ က ပွဲချိန် ၃၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဝင်အောင် မကန်နိုင်ခဲ့ဘဲ အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။

ထိုပွဲ ဘီဘီစီရဲ့ အစီအစဉ်တင်ဆက်မှုကို ဖာဒီနန် အပါအဝင် အာဂျင်တီးနားနောက်ခံလူဟောင်း ပါဘလို ဇာဘဲလီတာနဲ့ အင်္ဂလန်သားတွေဖြစ်ကြတဲ့ တိုက်စစ်မှူးဟောင်း အလန် ရှီးရားနဲ့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီတို့က လုပ်ဆောင် ခဲ့ကြတာဖြစ်ပြီး ဒီနေ့ပွဲကို စောင့်ကြည့်ခဲ့ကြချိန်မှာ မက်ဆီရဲ့ ပင်နယ်တီအတွက် ကန့်ကွက်ခဲ့ကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က မက်ဆီ ပင်နယ်တီ လွဲသွားတာက တရား မျှတတယ်၊ ဖြစ်သင့်တယ်လို့ ခပ်တင်းတင်းပဲ ပြောကြားသွားခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ခေါင်းတိုက်ဂိုးသွင်းဖို့ ကြိုးစားခဲ့တဲ့ မက်ဆီ ရဲ့ မျက်နှာကို ပိုလန်ဂိုးသမား ဗွိုင်ချက် ရှချက်စနီရဲ့ လက်က ရိုက်မိတယ်ဆိုပြီး ပင်နယ်တီ ပေးခဲ့တာပါ။ ဒီ လုပ်ရပ်က တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေ အတွက်တော့ ဟာသဖြစ်ခဲ့ပြီး ဒီအဖြစ်မှာ မက်ဆီအနေနဲ့ ဘောလုံးကို ခေါင်းတိုက်ပြီးမှသာ ဂိုးသမားရဲ့ လက်နဲ့ ထိမိခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ အာဂျင်တီးနားအသင်းသားတွေအနေနဲ့ ဝိုင်းဝန်းကန့်ကွက်ပြီး ပင်နယ်တီ တောင်းခဲ့ကြသလို VAR အဖွဲ့နဲ့ နယ်သာလန် ကွင်းလယ်ဒိုင် ဒန်နီ မက်ခီလီတို့က အနှေးပြကွက်ကို ကွင်းဘေး မော်နီတာမှာ ပြန်ကြည့်ပြီးမှ ခွင့်ပြုခဲ့ရာမှာ မက်ဆီရဲ့ လှည့်စားမှု အားနည်းတဲ့ ကန်ချက်ကို ဂိုးသမား ရှချက်စနီက မှန်မှန်ကန်ကန် ခန့်မှန်းပြီး ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ဘီဘီစီရဲ့ နောက်ခံတင်ဆက်သူ မာဖီကတော့ “ဒီလောက်လည်း ဆိုးရွားတဲ့ ထိခိုက်မှု မဟုတ်ပါဘူး။ မက်ဆီအနေနဲ့ လဲကျခဲ့တာ မှန်ပေမယ့် ပင်နယ်တီဖြစ်ဖို့တော့ မလုံလောက်ခဲ့ဘူး။ မျက်နှာကို လက်နဲ့ ထိခဲ့ပေမယ့်လည်း မပြင်းထန်ပါဘူး။ ပင်နယ်တီပေးလိုက်တာကတော့ အမေးဇင်းပါပဲဗျာ”လို့ ဝေဖန်သွားခဲ့သလို VAR ကတော့ ခန့်မှန်းလို့ကို မရနိုင်ဘူးလို့ လှောင်ပြောင်သွားခဲ့သေးတာဖြစ်ပါတယ်။

ဖာဒီနန်က “အတော် ဆိုးတဲ့ တဲ့ ဆုံးဖြတ်ချက်မျိုးပါပဲ။ VAR လို့ ရှိနေတာ ဒီလိုလုပ်ဖို့လား။ ဒေါသ ထွက်စရာ ကောင်းတဲ့ အဆုံးအဖြတ်မျိုးကို ဒိုင်အဖွဲ့က ချမှတ်သွားတာဖြစ်ပြီး စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အလန် ရှီးရားကတော့ “VAR က ဒီလိုမျိုး မကြာခဏ မှားနေပေမယ့် ဒိုင်အဖွဲ့တွေကတော့ ပွဲတွေကို အသစ်ပြန်ကစားဖို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလေ”လို့ ခနဲ့သွားခဲ့တာပါ။

ရှီးရားက ဒီမှာ ထိုင်နေတဲ့ ၄ ယောက်စလုံး ဒီပင်နယ်တီကို ကန့်ကွက်တယ်လို့ ပြောသွားခဲ့ပြီး ဒီအချိန်မှာတော့ ပိုလန် ဂိုးသမား ရှချက်စနီအနေနဲ့ သူ့ရှေ့က ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ တင်ရှိထားခဲ့တဲ့ ဘရက်ဒ် ဖရီဒယ်လ်(အမေရိကန်)နဲ့ ယန် တိုမာရှက်ဗ်စကီး(ပိုလန်)တို့ရဲ့ ပင်နယ်တီနှစ်ကြိမ် ကာကွယ်တဲ့ စံချိန်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အာဂျင်တီးနားနဲ့ ပိုလန်တို့ နှစ်သင်းစလုံး ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ကြတဲ့ အတွက် ဒီပင်နယ်တီကိစ္စက ပွဲသိပ်မကြီးလိုက်ဘဲ ဒီလောက်နဲ့ ရပ်တန့်သွားခဲ့ပါတယ်။