ဖာနန်ဒက်စ် ဂိုး ကို လုဖို့ လုပ်ခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်အား ဝေဖန်လိုက်တဲ့ သရဲနီဟောင်း

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ပေါလ် ပါကားက ဥရုဂွေးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ဖာနန်ဒက်စ် သွင်းခဲ့တဲ့ ပေါ်တူဂီရဲ့ အဖွင့်ဂိုးကို ရယူဖို့ ကြိုးပမ်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြစ်တင် ခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ထိတွေ့နိုင်ခြင်းမရှိခဲ့တာဖြစ်ပေမယ့်လည်း ဘောလုံးက နောက်ဆုံးမှာတော့ ဂိုးပိုက်ထဲကို လမ်းကြောင်း မပြောင်းဘဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက ၎င်းကိုယ်တိုင် ဂိုးသွင်းယူခဲ့သလိုမျိုး အောင်ပွဲခံခဲ့ပြီး နောက်ပိုင်းမှာမှ ရုပ်သံအနှေးပြကွက်တွေက ပေါ်တူဂီ တိုက်စစ်မှူးရဲ့ ခေါင်းနဲ့ ဘောလုံးကြားမှာ အလင်းရောင်ဝင်နေတဲ့အထိ ကွာဟနေတာကို ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ပွဲအပြီးမှာတောင်မှ ဘောလုံးကို ဟန်ဆောင်ထိတွေ့ခဲ့တာဖြစ်တယ်လို့ လက်ဟန် ခြေဟန်နဲ့ အာဘောင်အာရင်းသန်သန် ပြောပြနေခဲ့တာကို မြင်တွေ့ခဲ့ရသေးတာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ ရော်နယ်လ်ဒိုရဲ့ဂိုးဖြစ်ကြောင်း သက်သေအထောက်အထားအခိုင်အလုံနဲ့ ဖီဖာဆီ ချဉ်းကပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Adidas ရဲ့ ဘောလုံးထဲထည့်သွင်းထားတဲ့ နည်းပညာက ရော်နယ်လ်ဒို ဟာ ဘောလုံးကို လုံးဝ မထိဘဲ လွဲချော်ခဲ့တယ်ဆိုတာကို သက်သေပြသခဲ့ပါတယ်။

ပါကားက အသက် ၃၇ နှစ်အရွယ် အဲဒီသက်သေပြချက်ကို ကိုးကားပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို အသင်းလိုက်ရည်ရွယ်ချက်က ကမ္ဘာ့ဖလားရရှိဖို့ ဖြစ်နေချိန်မှာ အသင်းဖော်ဆီကနေ ဂိုးကို လုယူဖို့ ကြိုးပမ်းခဲ့တယ်ဆိုပြီး ပြစ်တင် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“Adidas က ရော်နယ်လ်ဒို ဘောလုံးမထိခဲ့ဘူးဆိုတာကို အရမ်းရှင်းရှင်းလင်းလင်းဖြစ်အောင် ပြခဲ့တယ်။ အဲဒီ လောက်ကို ရိုးရှင်းပါတယ်။ ဒါပေမယ့် တကယ်တော့ သူက သူ့ရဲ့ အသင်းဖော်ဆီကနေ ဂိုးကို လုယူဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ အချက်ကတော့ တကယ့်ကို အရှုပ်ထုပ်ပဲ။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကတောင် သူ့ကို ဂိုးပေးဖို့ လုပ်ခဲ့ပါတယ်”

“သူတို့တွေ သူတို့ဘာသာ မှန်ထဲမှာ ပြန်ကြည့်ပြီး ‘ငါတို့တွေ ကမ္ဘာ့ဖလားမှာ နိုင်ပွဲတွေ ရယူဖို့ ရှိနေတာလား ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ပေးဖို့ ရှိနေတာလား’လို့ မေးရပါလိမ့်မယ်။ ရော်နယ်လ်ဒိုက အဲဒီဂိုးကို ရယူဖို့ကြိုးပမ်းခဲ့တယ်ဆိုတာက အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုတာကို မယုံနိုင်ခဲ့ဘူး။

ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ်က ပေါ်တူဂီအတွက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတာကို သူ အရမ်းကို စိတ်ပျက်နေမှာပါ။ သူက အသင်းထဲမှာ အကောင်းဆုံးကစားသမားမဖြစ်ရတာမျိုးကို မနှစ်သက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ပါကားက ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ ဘရူနို ဖာနန်ဒက်စ်သာ ဂိုးရရှိဖို့ လုပ်ဆောင်တာဖြစ်ပြီး ရော်နယ်လ်ဒို မဟုတ်ဘူးဆိုရင် ဂရုတောင် စိုက်မှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

“ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ဘရူနို ဖာနန်ဒက်စ်သာ ဒီဂိုးကို ရယူဖို့ ကြိုးပမ်းတာဆိုရင် ဘယ်တော့မှ ဒီလိုမျိုး လုပ်ခဲ့မှာမဟုတ်ပါဘူး။ ရော်နယ်လ်ဒိုက သူ့ကိုယ်သူ သူ့နိုင်ငံထက်တောင် ကြီးမားသလို လုပ်နေတာပါ။ သူ မန်ချက်စတာ ယူနိုက်တက်ထက် ပိုပြီးကြီးမားသလို လုပ်ဖို့ ကြိုးပမ်းခဲ့တဲ့အတိုင်းပေါ့။ အဲဒါက အရှက်ရစရာဖြစ်ပြီး သူ့အနေနဲ့ အရှက်ရသင့်ပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။