ညက တောင်ကိုရီးယားနဲ့ ပွဲမှာ လူစားလဲခံရတဲ့ အချိန် ဘာလို့ မကျေမနပ် ဖြစ်နေခဲ့သလဲ ရော်နယ်ဒို ဖြေရှင်း
ခရစ်စတီယာနို ရော်နယ်ဒို ဟာ ပေါ်တူဂီတို့ တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း လူစားလဲ ခံခဲ့ရပြီးနောက် မကျေမနပ် ဖြစ်နေခဲ့တဲ့ပုံ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုက ဒါဟာ ဖာနန်ဒိုဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ ပြိုင်ဘက် ကစားသမား တစ်ဦးကြောင့်သာ ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အုပ်စု H နောက်ဆုံးပွဲစဉ်ရဲ့ ရလဒ် ၁-၁ ဖြစ်နေချိန် ပွဲချိန် ၆၅ မိနစ်မှာ အန်ဒရီဆေးလ်ဗားနဲ့ လူစားလဲခံခဲ့ရပါတယ်။
ဟွမ်ဟီချမ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် တောင်ကိုရီးယားဟာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို ပေါ်တူဂီနဲ့ အတူ တက်ရောက်သွားခဲ့ပါတယ်။ ရော်နယ်ဒို ထွက်ခွာသွားပြီးကတည်းက ပေါ်တူဂီရဲ့ ကစားပုံဟာ ပိုမို ဆိုးရွားသွားခဲ့ကာ တောင်ကိုရီးယားရဲ့ ဖိအားပေး ကစားမှုကို ခံခဲ့ရပြီး ပြိုင်ဘက်ကို အနိုင်ဂိုးလည်း ပေးခဲ့ရပါတယ်။
ကွင်းထဲကနေ ထွက်ခွာချိန်မှာ မကျေမနပ် ဖြစ်နေတဲ့ ပုံ ရတဲ့ အပေါ် မေးမြန်ရာမှာ ရော်နယ်ဒိုက –

“ကျွန်တော် ကွင်းထဲကနေ မထွက်ခွာမီ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့်ပါ။ ကိုရီးယား ကစားသမား တစ်ဦးဟာ ကျွန်တော့်ကို ကွင်းထဲကနေ မြန်မြန် ထွက်သွားဖို့ ပြောခဲ့ပါတယ်။
ကျွန်တော် သူ့ကို ပါးစပ်ပိတ်ထားလို့ ပြောခဲ့ပါတယ်။ သူဟာ ဒိုင်လူကြီး မဟုတ်ပါဘူး။ သူ ကျွန်တော့်ကို ဒီလို လာပြောစရာ အကြောင်း မရှိပါဘူး။ ဒိုင်လူကြီး ဖြစ်မှသာ သူ့အနေနဲ့ မြန်မြန် ထွက်သွားပေးပါလို့ ပြောခွင့်ရှိပါတယ်။ ဒီနေရာမှာ ဘာမှ အငြင်းပွားစရာ ကိစ္စမရှိပါဘူး။
ဒါဟာ ပွဲရဲ့ အရှိန်ကြောင့်လည်း ဖြစ်ပါတယ်။ ဘယ်လို ရလဒ်ပဲ ထွက်ပေါ်ခဲ့သည် ဖြစ်စေ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ဆက်ရှိနေဆဲပါ။ ကျွန်တော်တို့ စုစည်းနေရပါမယ်။ ကျွန်တော်တို့ဟာ နောက်တဆင့်ကို တက်သွားပါပြီ။
ပေါ်တူဂီ လူမျိုးတွေ အနေနဲ့ ယုံကြည်မှု ရှိနေရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နောက်တဆင့်ကို တကယ် တက်ချင်ခဲ့လို့ပါ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ပွဲစဉ်ကတည်းက နောက်တဆင့်ကို တက်သလောက် ဖြစ်ခဲ့ပြီးပါပြီ။ နောက်တဆင့်ကို မတက်နိုင်ဘူးဆိုရင် အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်လာမှာပဲ ရမှာပါ။
ဒါပေမယ့် ကျွန်တော်တို့ ကစားပုံ မကောင်းတဲ့ အချိန်ကနေ လေ့လာသင်ယူ သွားရပါမယ်။ ကျွန်တော်တို့ ဒီရှုံးပွဲကနေ သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တေ်ာတို့ လာမည့် ပွဲစဉ်ကို မဖြစ်မနေ အနိုင်ယူရပါမယ်။” လို့ ဆိုလိုက်ပါတယ်။
ပေါ်တူဂီဟာ လာမယ့် အင်္ဂါနေ့ နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်မှာ Group G ရဲ့ ဒုတိယ ဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။