အုပ်စုပွဲတွေအပြီးမှာ ကမ္ဘာ့ဖလား ရဲ့ အညံ့ဆုံး ၁၁ ယောက် အသင်းထဲ ခန့်ခန့်ကြီး ပါဝင်နေတဲ့ စီ ရော်နယ်ဒို

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာပဲ အိမ်ရှင် ကာတာ အသင်းမှ ကစားသမား ၄ ဦးနဲ့ အတူ ပြိုင်ပွဲရဲ့ အညံ့ဆုံး အသင်း စာရင်းထဲ ပါဝင်သွားခဲ့ပါတယ် ။

အသက် ၃၇ နှစ် ရှိနေပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် အုပ်စု ပွဲစဉ် ၃ ပွဲလုံး ပွဲထွက် ကစားခွင့်တွေ ရရှိထားနိုင်ခဲ့ပြီး တစ်ဂိုးလည်း သွင်းယူ ထားနိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ ဂိုးသွင်းချိန်ကလွဲလို့ ပုံစံကောင်း ပြသနိုင်ဖို့ ၊ အကျိုးသက်ရောက်မှု ပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Sofascore က ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့် အပြီး ဒီပြိုင်ပွဲရဲ့ အညံ့ဆုံး အသင်းကို ထုတ်ပြန် ကြေငြာ သွားခဲ့ရာ ရော်နယ်ဒို ပါဝင်နေပါတယ်။

အဲ့ဒီမှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ သုံးပွဲ ကစားပြီး Rating 6.37 နဲ့ အညံ့ဆုံး အသင်းထဲ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ရော်နယ်ဒို ဟာ ဒီပြိုင်ပွဲမှာ ဘောလုံးထိခွင့်တွေ နည်းပါးခဲ့ရပါတယ်။

ဒါ့ကြောင့် သူဟာ ကွင်းထဲမှာ အသင်းဖော်တွေ အပေါ် မကြာခဏ ဆိုသလို စိတ်အလိုမကျ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ် ။ ဒါ့အပြင် တောင် ကိုးရီးယား အသင်းကို ၂–၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ အတွက် သူဟာ မပျော်မရွှင် ဖြစ်ခဲ့ပါသေးတယ်။

Sofascore ကတော့ သူတို့ အခုလို အညံ့ဆုံး အသင်းကို ဘယ်လို အချက်အလက်တွေ အခြေခံပြီး တွက်ချက်ခဲ့လဲ ဆိုတာ ရှင်းပြခဲ့ပါသေးတယ် ။ သူတို့ရဲ့ ရှင်းလင်းချက်မှာ ဒီပြိုင်ပွဲရဲ့ ပွဲကစားချိန် စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ကစားခဲ့တဲ့ ကစားသမားတွေ ကိုပဲ ရွေးချယ်ခဲ့ကြောင်း ပါဝင်ခဲ့ရပါတယ်။