ဆောက်ဂိတ်ရဲ့ စွန့်စားတဲ့ ရွေးချယ်မှု ၂ခု ကြောင့် အင်္ဂလန် နိုင်ပွဲ ရခဲ့တာ လို့ ချီးကျူးမှုတွေ သောသောညံနေ

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်ကာ က ဆီနီဂေါကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်အတွင်း နည်းပြ ဆောက်ဂိတ်ရဲ့ ရွေးချယ်မှု ၂ခု ကို ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

လိုင်ကာ က ဖီးလ် ဖိုဒန်နဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့ကို ကစားစေခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့တာပါ။ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ဟာ ဆီနီဂေါနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဖိုဒန်နဲ့ ဟန်ဒါဆန်တို့ ၂ ဦးစလုံးကို ပွဲထွက်ကစားခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ် ကွင်းလယ်ကစားသမား ဟန်ဒါဆန် က ပထမပိုင်း ၃၅ မိနစ်မှာ ဘယ်လင်ဟမ် အတိအကျ ပေးပို့လိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ အဆုံးသတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဖိုဒန်ကလည်း အင်္ဂလန်အသင်းရဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးသူဖြစ်ပြီး ဟာရီ ကိန်းနဲ့ ဘူကာယို ဆာကာတို့က အသီးသီး အဆုံးသတ်သွင်းယူပေးသွားခဲ့ကြတာဖြစ်ပါတယ်။

လိုင်ကာက ဆောက်ဂိတ်ရဲ့ ဟန်ဒါဆန်ရော ဖီးလ် ဖိုဒန်ကိုပါ ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းခဲ့တဲ့ လေးနက်တဲ့ ဆုံးဖြတ်ချက်အတွက် ချီးကျူးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အင်္ဂလန်အသင်းရဲ့ နောက်ထပ် တစ်ကြိမ် လှပတဲ့ ဘောလုံးကစားပုံပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် ဆောက်ဂိတ်ကို ချီးကျူးပါတယ်။ သူ့ရဲ့ အငြင်းပွားစရာ ရွေးချယ်မှု ၂ ခုစလုံးက အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တယ်။ အသက်ရှင်သန်နေဖို့ ကောင်းလိုက်တဲ့အချိန်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ လိုင်ကာက ရေးသားခဲ့တာဖြစ်ပါတယ်။

ဂါးရတ် ဆောက်ဂိတ်ဟာ ဆီနီဂေါနဲ့ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဝေးလ်စ်နဲ့ပွဲမှာ အလွန် ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ဂိုးကန်သွင်းခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအတွက် အံ့အားသင့်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဂန္တဝင်နောက်ခံကစားသမား ဂျေမီ ကာရေဂါကလည်း လီဗာပူးလ်ပစ်မှတ် ဘယ်လင်ဟမ်နဲ့ မန်စီးတီးကြယ်ပွင့် ဖီးလ် ဖိုဒန်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါရမီအရှိဆုံးကစားသမားတွေလို့ သတ်မှတ်ချီးကျူးခဲ့ပါတယ်။