အင်္ဂလန်သားတွေကို စိန်ခေါ်တဲ့ ဆောက်ဂိတ်၊ နေမာနဲ့ ဘရာဇီးသားတွေကို ဝေဖန်သူ ရွိုင်ကိန်း နဲ့ ယနေ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ တောင်ကိုရီးယားတို့ရဲ့ ကမ္ဘာ့ဖလားရှံးထွက်အဆင့်မှာတော့ ဘရာဇီးလ်အသင်းကပဲ ၄-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်လှမ်းခွင့် ရရှိသွားခဲ့ပါတယ်။ ဘရာဇီးလ်က သွင်းဂိုး ၄ ဂိုး လုံးကို ပထမပိုင်း မိနစ် ၃ဝ အတွင်း သွင်းကာ အနိုင်သေချာခဲ့တာပါ။

အစောပိုင်း ဂျပန်အသင်းနဲ့ ခရိုအေးရှားတို့ရဲ့ပွဲစဉ်ကတော့ ၁-၁ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး နောက်ဆုံးမှာတော့ ခရိုအေးရှား အသင်းကသာ ကွာတားကိုတက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

အင်္ဂလန် နည်းပြဆောက်ဂိတ်ကတော့ လာမယ့် ပြင်သစ်နဲ့ပွဲကို အနိုင်ယူပြီး အသင်းအတွက် သမိုင်းသစ် ရေးထိုး ပေးကြဖို့ အသင်းသားတွေကို စိန်ခေါ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဘရာဇီးလ်နည်းပြ တိုက် ကတော့ နေမာဟာ နည်းစနစ်ပိုင်း အလွန်ကောင်းမွန်သလို ၎င်းကြောင့် ကျန်အသင်းသားတွေ များစွာ အကူအညီ ဖြစ်ခဲ့ရကြောင်း တောင်ကိုရီးယားနဲ့ ပွဲအပြီး ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဘရာဇီးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် တောင်ကိုရီးယားနည်းပြ ပေါ်လို ဘန်တိုလည်း အသင်းနဲ့ စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်တော့မှာ မဟုတ်ပဲ လမ်းခွဲတော့မှာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

တောင်ကိုရီးယားဘက်ကို ဂိုးသွင်းပြီးတိုင်း ကခုန်အောင်ပွဲခံကြတဲ့ နေမာတို့အဖွဲ့ရဲ့ လုပ်ရပ်ဟာ ပြိုင်ဘက်ကို မလေးစားရာ ရောက်ကြောင်း မန်ယူအသင်း ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

တောင်ကိုရီးယားကို အနိုင်ရခဲ့တဲ့ပွဲအတွင်း တတိယဦးစားပေး ဂိုးသမား ဝီဘာတွန်ကို ထည့်သွင်းအသုံးပြုခဲ့တာကြောင့် ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် မတူညီတဲ့ ကစားသမား ၂၆ ယောက်အထိ သုံးစွဲတဲ့ အသင်းအဖြစ် စံချန်တစ်ခုကိုလည်း ရရှိခဲ့ပါတယ်။

ခရိုအေးရှားနည်းပြ ဒါလစ်ကတော့ ယခုတစ်ခေါက် ကမ္ဘာ့ဖလားဟာ ၎င်းတို့ရဲ့ အဖိုးတန် ကွင်းလယ်လူ မိုဒရစ်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမဟုတ်သေးကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှ ထွက်ခွါခဲ့ရပြီးနောက် ဂျာမန်အသင်းရဲ့ ဒါရိုက်တာ ဘီယာဟော့ဖ်လည်း ရာထူးမှ နှုတ်ထွက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။