ကွာတားဖိုင်နယ်မှာ မက်ဆီရဲ့ ဟာကွက်ကို ဘယ်လို အပိုင်ကိုင်မလဲ နယ်သာလန် နည်းပြ ဗန်ဟားလ် ဖွင့်ဟ

နည်းပြ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်းက ၁၆သင်း ရှုံးထွက်အဆင့်မှာ အမေရိကန်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် တစ်ဖက်မှာ ဩစတေးလျကို ၂-၁ နဲ့ အနိုင်ရလာတဲ့ အာဂျင်တီးနားနဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် ရင်ဆိုင်ရမှာပါ။

အဲဒီနှစ်သင်းရဲ့ ကြားထဲမှာရန်စတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ဗန်ဟားလ် တစ်ယောက် နယ်သာလန်ကို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားက ဗန်ဟားလ်ရဲ့ နယ်သာလန်ကို ဆီမီးဖိုင်နယ် အဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဗန်ဟားလ်က မကြာခင် ကစားရတော့မယ့် ကွာတားဖိုင်နယ်ပွဲမှာ အာဂျင်တီးနားကို ပြန်လည် လက်စားချေနိုင်ဖို့နဲ့ မက်ဆီကိုလည်း နှိပ်ကွပ်နိုင်ဖို့ မျှော်လင့်နေ ပါတယ်။

“မက်ဆီက အန္တရာယ် အရှိဆုံး ဖန်တီးနိုင်စွမ်း ကောင်းမွန်တဲ့ကစားသမားပါ။ သူက အများကြီး ဖန်တီးနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တယ်။

ဒါပေမယ့် သူတို့တွေ ဘောလုံးဆုံးရှုံးသွားပြီး ပြိုင်ဘက်က ဘောလုံးပိုင်ဆိုင်မှု ရသွားချိန်မှာ သူ များများစားစား ပါဝင်တာမျိုး မရှိပါဘူး။ အဲဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပေးပါလိမ့်မယ်”လို့ ဗန်ဟားလ်က ပြောဆို လိုက်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအတွက် အံ့အားသင့်ဖွယ် ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းမျိုး ပြသနေတာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

နယ်သာလန်အသင်းနဲ့ အာဂျင်တီးနား နှစ်သင်းထဲက အနိုင်ရရှိတဲ့ အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ ဘရာဇီးလ်တို့ထဲက အနိုင်ရရှိတဲ့အသင်းနဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။