ပူလီဆစ် ကို အသုံးချပြီး ဥရောပ ထိပ်တန်း တိုက်စစ်သမားကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်း ပြင်ဆင်နေ

ချဲလ်ဆီးအသင်းဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန် ပူလီဆစ် ကို အသုံးချပြီး သူတို့လိုချင်တဲ့ ကစားသမား ကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။

လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပူလီဆစ် ကို သုံးကာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား ကင်းစ်လေ ကိုးလ်မန်းကို ခေါ်ယူသွားဖို့ ချဲလ်ဆီးက အလိုရှိနေပါတယ်။

ပူလီဆစ်ဟာ ဒီနှစ် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ကစားသ ဖြစ်ခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ နယ်သာလန်အသင်းကို အရေးနိမ့်ခဲ့ကာ အိမ်ပြန်လာခဲ့ရပြီ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန် တိုက်စစ်သမား အနေနဲ့ ချဲလ်ဆီးအသင်းနဲ့ သူရဲ့ အနာဂတ်အတွက် အလေးအနက် ပြန်လည် စဉ်းစားတော့မဲ့အချိန် ရောက်လာပါတယ်။

အသက် ၂၄ နှစ်သားဟာ ၂၀၁၉ ခုနှစ်မှာ ဒေါ့ထ်မန်အသင်းဆီကနေ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အစောပိုင်းကာလတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီနောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှု မပြည့်ဝမှုတွေနဲ့အတူ ရုန်းကန်လာခဲ့ရပြီး လက်ရှိ နည်းပြ ပေါ်တာ အသင်းမှာ နေရာ ရသူ မဟုတ်ပါဘူး။

ချဲလ်ဆီးအနေနဲ့တော့ သူ လက်လွှတ်ရတော့မဲ့ ကစားသမားတဦးကို အသုံးချပြီး လိုချင်နေတဲ့ပစ်မှတ်တွေကို ခေါ်ယူ သွားဖို့ စဉ်းစားလာခဲ့ပုံရပြီး လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကင်းစ်လေ ကိုးလ်မန်းကို ခေါ်ဖို့အတွက် ပူလီဆစ် ကို အလိုက်ပေးကာ အသုံးချ ကမ်းလှမ်းသွားတော့မယ်လို့ သိရပါတယ်။

ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ ခြေစွမ်းပြ ကစားနေသလို အောင်မြင်မှုများစွာလည်း ရယူထားတဲ့ ပြင်သစ်သားကို ညာတောင်ပံတိုက်စစ်တနေရာအတွက် ချဲလ်ဆီးအသင်း သဘောကျနေတာဖြစ်ပြီး မကြာမီအတွင်းမှာ အပြောင်းအရွှေ့ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

ကိုးလ်မန်းဟာ ညာတောင်ပံတိုက်စစ်နေရာအပြင် ညာတောင်ပံနဲ့ ဘယ်တောင်ပံတိုက်စစ်နေရာတွေမှာလည်း ကစားနိုင်တဲ့ အတွက် နည်းပြ ဂရေဟမ် ပေါ်တာအတွက်တော့ အသုံးတည့်တဲ့ အရည်အသွေးမြင့် ထိပ်တန်း ကစားသမားတဦး ဖြစ်နိုင်ပါတယ်။