ဒီည ဘရာဇီး VS ခရိုအေးရှား၊ နယ်သာလန် VS အာဂျင်တီးနားတို့ ကွာတားပွဲတွေ အတွက် ခရစ်ဆက်တန် ရဲ့ ဟောကိန်းထုတ်မှုများ

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ယနေ့ညမှာ ကစားရမယ့် ကွာတားဖိုင်နယ် ပထမနေ့ ပွဲစဉ်တွေကို အောက်ပါအတိုင်း ခန့်မှန်းပေးခဲ့ပါတယ်။

ဘရာဇီး VS ခရိုအေးရှား

ကျွန်တော်ဟာ ဒီကမ္ဘာ့ဖလားမှာ ဘရာဇီး အသင်းရဲ့ ပွဲစဉ် ၄ ပွဲစလုံးကို co-commentator လုပ်ခွင့်ရခဲ့ပါတယ်။ အခုချိန်ထိ ဘယ်အသင်းမှာ သူတို့ကို အပြိုင် ကစားနိုင်ခဲ့တာ မရှိပါဘူး။ သူတို့ရဲ့ အုပ်စု ပွဲစဉ် အားလုံးမှာ ပြိုင်ဘက်အသင်းတွေဟာ ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်နဲ့သာ ကစားဖို့ game plan ချခဲ့တာ ဖြစ်ပြီး အုပ်စုမှာ တွေ့ဆုံခဲ့တဲ့ အသင်း ၂ သင်း ဖြစ်တဲ့ ဆားဘီးယား နဲ့ ဆွစ်ဇာလန် တို့ဟာ ဘရာဇီး ဂိုးပေါက်ကို တစ်ကြိမ်မှ တည့်ကောင်း မကန်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ နောက်ဆုံး ၁၆ သင်းအဆင့်မှာ သူတို့ တောင်ကိုရီးယားနဲ့ ကစားခဲ့တဲ့ အခါ ခြားနားသွားခဲ့တာ ကတော့ ဘရာဇီးတို့ ဦးဆောင်ဂိုးကို စောစောစီးစီး ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ပွဲကို open ဖြစ်သွားစေခဲ့ပြီး မိနစ် ၃၀ မပြည့်မီမှာတင် ပွဲက ၃-၀ ဖြစ်ကာ ပွဲပြတ်သွားခဲ့ပါတယ်။

ဒဏ်ရာ ရခဲ့တဲ့ နေမာကို ပြန်ရလိုက်တာ ကတော့ ဘရာဇီးကို အများကြီး အကူအညီ ဖြစ်စေပါတယ်။ သူတို့ဟာ တောင်ကိုရီးယားကို အကောင်းဆုံး ပုံစံနဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံဆုနဲ့ ပက်သက်ပြီး ကြေငြာချက် ထုတ်သွားခဲ့ပါတယ်။ ဘရာဇီးရဲ့ ကမ္ဘာ့ဖလား ချန်ပီယံ အခွင့်အရေး အပေါ် သံသယ ဖြစ်နေသူတွေလည်း တိတ်ဆိတ်သွားခဲ့ပါပြီ။

ခရိုအေးရှားဟာ ခံစစ်ကို ပိတ်ဆို့ ကစားတာထက် စာရင် တိုက်စစ်ခံစစ် မျှတအောင် ကစားသွားမှာပါ။ ဒါပေမယ့် သူတို့ဟာ ဘရာဇီးကို ခြေသာအောင် ကစားနိုင်မှာ မဟုတ်တာတော့ သေချာပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ အဆင့်က ဂျပန်ကို ပွတ်ကာသီကာ ကျော်ဖြတ်လာခဲ့တာပါ။

ဒါပေမယ့် သူတို့ ဒီလို ကျော်ဖြတ်လာခဲ့တာဟာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ သူတို့ နောက်တဆင့် တက်နိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ သူတို့မှာ ကစားသမားကောင်း တစ်ချို့ ရှိနေပေမယ့်လည်း ဘရာဇီးဟာ ၎င်းတို့အတွက် တအား တောင့်တင်းနေမှာပါ။

ခန့်မှန်းချက် – ဘရာဇီး ၃-၀ ခရိုအေးရှား

နယ်သာလန် vs အာဂျင်တီးနား

ဒီပွဲမှာ ဘယ်သူပဲ နိုင်သွားသည် ဖြစ်စေ ဘောလုံးဂန္တဝင် တစ်ဦးရဲ့ လမ်းဆုံးတော့ ဖြစ်လာမှာပါ။ နယ်သာလန်နည်းပြ ဗန်ဟား အတွက် ဒါဟာ နောက်ဆုံး မန်နေဂျာ အလုပ် ဖြစ်နိုင်ပြီး ဒါဟာ မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဆိုတာ ကတော့ အားလုံး သိပြီးသားပါ။

ဗန်ဟားရဲ့ နယ်သာလန် အသင်းဟာ အတိတ်က အသင်းတွေလောက် ကစားပုံ ကြည့်လို့မကောင်းပေမယ့် သူတို့ဟာ effective တော့ ဖြစ်ပါတယ်။ အာဂျင်တီးနား ကလည်း ဒီအဆင့်ကို တက်လာခဲ့တဲ့ နေရာမှာ အကောင်းဆုံး ပုံစံ မပြသနိုင်ခဲ့ဘဲ မက်ဆီရဲ့ အကူအညီ တစ်ချို့ကို ရယူခဲ့ရပါတယ်။ သူတို့မှာလည်း ပြသနာတွေ ရှိနေပါတယ်။

အာဂျင်တီးနား နောက်တန်းဟာ သိပ်ပြီး မကောင်းလှတာကြောင့် ဒီပေး နဲ့ ဂတ်ပို တို့ဟာ အခွင့်အရေးကောင်းတွေ ရရှိမှာပါ။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ နယ်သာလန်ရဲ့ ကစားပုံဟာ လှပမှု မရှိပေမယ့် သူတို့ဟာ အလုပ်ပြီးမြောက်အောင်တော့ လုပ်နိုင်ပါတယ်။ ဒီပွဲမှာလည်း ကျွန်တော် နယ်သာလန်ဘက်က ရှိနေမှာပါ။

အာဂျင်တီးနား ပရိတ်သတ်တွေဟာ ကမ္ဘာ့ဖလားမှာ အားပေးမှု အပြင်းထန်ဆုံးပါ။ မက်ဆီပါတဲ့ ဘယ်အသင်းမဆို ဒီလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် သူတို့ အိမ်ပြန်စောနိုင်ပါတယ်။

ခန့်မှန်းချက် – နယ်သာလန် ၂-၁ အာဂျင်တီးနား