ကွင်းလယ်ဒိုင် အကြောင်း မပြောချင်ပါဘူး ဆိုပေမယ့် မကျေနပ်မှုတွေကို ဖွင့်ချသွားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ
မနေ့ညက ကွာတားဖိုင်နယ် ပွဲမှာ နယ်သာလန်ကို အနိုင်ရရှိပြီး အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ဆီမိးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီးနောက် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကွင်းလယ်ဒိုင်လူကြီး အန်တိုနီယို မက်တီ အူလာဟော့ဇ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အာဂျင်တီးနားအနေနဲ့ ပင်နယ်တီအဆုံးအဖြတ်ခံယူစရာမလိုဘဲ ဒီပွဲကို အနိုင်ရခဲ့သင့်တယ်လို့ မက်ဆီက ပြောဆိုခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့တာပါ။
အာဂျင်တီးနားဟာ ဒီပွဲကို ၂ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း နယ်သာလန်က ပြဇာတ်ဆန်ဆန် ၂ ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပါတယ်။

လူစားဝင်ကစားသမား ဝက်ဂျ်ဟော့စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ နယ်သာလန်တို့ ချေပဂိုးရခဲ့ပြိး အချိန်ပို၊ ပင်နယ်တီအထိ ကစားခဲ့ရပြီး ပွဲကအကြိတ်အနယ်ရှိခဲ့ကာ ကွင်းလယ်ဒိုင်ရဲ့ နာကျင်အချိန်ပိုပေးမှု၊ ဟော်လန်တို့ ချေပဂိုးရစေမယ့် အလွတ် တည်ကန်ဘောပေးမှုတွေကို မက်ဆီက စိတ်တိုင်းမကျဖြစ်ခဲ့ပါတယ်။
“သရေ ဖြစ်သွားခဲ့ချိန်မှာ ကျနော် တော်တော်လေးဒေါသထွက်ခဲ့တယ်၊ ကွင်းလယ်ဒိုင်အကြောင်း ကျနော်မပြောချင်ဘူး၊ ဘာလို့လဲ ဆိုတော့ ပြောပြန်ရင်လည်း အရေးယူခံရဦးမယ်။
ဒါပေမယ့် ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး မြင်မယ်ထင်ပါတယ်၊ ဖီဖာအနေနဲ့ ဒါကို ပြန်ကြည့်ပြီး ဒိလိုအရေးကြီးတဲ့ပွဲမှာ ဒီလို တာဝန်မကျေပွန်တဲ့ ဒိုင်လူကြီးမျိုးကို တာဝန်မပေးသင့်ပါဘူး”
“ကျနော်တို့ ပွဲကောင်းတပွဲကို မလုပ်နိုင်ခဲ့ဘူး၊ ဒိုင်က အချိန်ပိုတွေပေးပြီး ကျနော်တို့နဲ့ အမြဲတမ်း ဆန့်ကျင်နေခဲ့တာ၊ နောက်ဆုံး အခိုက်အတန့်ဆိုရင် ပြစ်ဒဏ်ဘော မဟုတ်ခဲ့ပါဘူး၊ အချိန်ပို၊ ပင်နယ်တီအထိ ကျနော်တို့ မရောက်ချင်ခဲ့ဘူး၊
ဒါပေမယ့် ဖြစ်ပျက်ခဲ့တာတွေအတွက် ကျနော်တို့ တော်တော်လေးအခက်တွေ့ခဲ့ရတယ်၊ ဒါပေမယ့် ဒါက ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပါ”
“ကျနော်တို့သာ အရေးနိမ့်ခဲ့ရင် ဘယ်လိုခံစားရမလဲဆိုတာကို သိပါတယ်၊ ဒါပေမယ့် ကျနော်တို့ ဆီမီးဖိုင်နယ်ကို ရောက်ခဲ့ပါတယ်၊ ဒါက လှပတယ်၊ စွဲမက်စရာလည်းကောင်းပါတယ်” လို့ မက်ဆီက ပြောခဲ့ပါတယ်။
စပိန်လူမျိုး ကွင်းလယ်ဒိုင် လာဟော့ဇ်ကတော့ ဒိပွဲမှာ အဝါကတ် ၁၆ ကတ်အထိ အသုံးပြုခဲ့ပြီး ဟော်လန်ကစားသမား ဒမ်းဖရိုင်းစ်လည်း နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။