ရော်နယ်ဒို ကို ပွဲထွက်ကနေ မသုံးခဲ့တဲ့ အပေါ် နောင်တ ရသလား ဖြေကြားလာတဲ့ ပေါ်တူဂီ နည်းပြ ဆန်းတို့စ်

ပေါ်တူဂီ အသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြီးခဲ့တဲ့ မော်ရိုကိုကို အရေးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ စီ ရော်နယ်ဒိုကို အရန်ခုံမှာထားတာနဲ့ ပတ်သက်ပြီး နောင်တ ရစရာမရှိဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲမှာလည်း အရန်ခုံထိုင်ခဲ့ရသလို အခု မော်ရိုကိုနဲ့ ကွာတား ဖိုင်နယ် မှာလည်း အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပြီး အသင်း အရေးနိမ့်နေချိန် ဒုတိယပိုင်းအရောက်မှ လူစားဝင် ခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လို့ ရှုံးပွဲ အပြီးမှာ မျက်ရည်လည်ရွဲနဲ့ ကွင်းထဲက ထွက်သွားခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့ ဒီပုံစံဟာ ပရိသတ်တွေအတွက် ဝမ်းနည်းကြေကွဲစရာဖြစ်ခဲ့ရပြီး အခုလိုမျိုး အနေအထားနဲ့ မမြင်တွေ့ချင်ဘူးလို့ အားလုံးက ဘောလုံး ပရိသတ်တွေ ပြောဆိုခဲ့ကြပါတယ်။

နည်းပြ ဖာနန်ဒိုဆန်းတို့စ်ကတော့ ရော်နယ်ဒိုကို ပွဲထွက်ကနေ မသုံးခဲ့တဲ့ သူ့ ဆုံးဖြတ်ချက် အပေါ် အခုလို ဖြေရှင်းခဲ့ပါတယ်။

“ရော်နယ်ဒိုကို အရန်ခုံမှာထားတာနဲ့ ပတ်သက်ပြီး နောင်တ ရစရာမရှိပါဘူး။ ဒါဟာ ပြောင်းလဲမှာမဟုတ်ပါဘူး။ အသင်းနဲ့ ပတ်သက်ရင် နှလုံးသားနဲ့ တွေးလို့မရပါဘူး။ ဆွစ်ဇာလန်နဲ့ ပွဲမှာ တကယ်ကိုကောင်းမွန်စွာကစားခဲ့တဲ့ အသင်းကို အသုံးပြုခဲ့တာပါ၊

မော်ရိုကိုနဲ့ ပွဲမှာ ပြောင်းလဲစရာအကြောင်းမရှိပါဘူး။ ကျွန်တော့်ချမှတ်ရတဲ့ ဗျူဟာက အခက်အခဲဆုံး အရာတွေထဲက တခုပါ။ ဒါပေမယ့် နှလုံးသားနဲ့ မတွေးနိုင်ပါဘူး။ ခေါင်းနဲ့ပဲ တွေးတောရမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

နည်းပြ ဆန်တို့စ်ဟာ ပွဲချိန် ဒုတိယပိုင်းမှာ ရော်နယ်ဒို ကို လူစားထည့်ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် အရာ မထင်ခဲ့ပါဘူး။

ရော်နယ်ဒို ဂိုးသွင်းနိုင်တဲ့အခွင့်အရေးလည်း မရသလောက်နည်းပါးခဲ့ပြီး သူ့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပွဲမှာ ခက်ခက် ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ ဒီကမ္ဘာ့ဖလားမှာ ၁ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုးကလည်း ပင်နယ်တီကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။