မက်ဆီနဲ့ အာဂျင်တီးနားတို့ ဗိုလ်လုပွဲ မတက်ဘဲ အောင်ဖျာလိပ်ရမယ် ဟောကိန်းထုတ်ထားတဲ့ ပီးယာ့ဇ်မော်ဂန်
ဗြိတိန် ရုပ်သံတင်ဆက်သူ ပီးယာ့စ် မော်ဂန်က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေကို ဟောကိန်းထုတ်ခဲ့ပြီး ပြင်သစ်နဲ့ ခရိုအေးရှား အသင်းတို့ဟာ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ပီးယာ့စ် မော်ဂန်က ပရိသတ်ပေါင်း ၈ သန်းအထိ ရှိတဲ့ ၎င်းရဲ့ တွစ်တာအကောင့်ကနေ ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်တွေအတွက် ဟောကိန်းတွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ မော်ဂန်ဟာ အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်ပြီး ရော်နယ်ဒို အမာခံ ဖန်တစ်ဦးလည်း ဖြစ်ပါတယ်။
“ခန့်မှန်းချက်- ခရိုအေးရှားက အာဂျင်တီးနားကို အနိုင်ယူလိမ့်မယ်။ ပြင်သစ်က မော်ရိုကို ကို အနိုင်ယူပြီး ပြင်သစ်ကပဲ ခရိုအေးရှားကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ယူသွားလိမ့်မယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

မော်ဂန်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ၎င်းရဲ့ ရှိုးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီးမှာ လူသိများ ထင်ရှားလာခဲ့သူဖြစ်ပြီး အဲဒီအင်တာဗျူးကြောင့် ပေါ်တူဂီကြယ်ပွင့်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ပီးယာ့စ် မော်ဂန်ဟာ အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာရလိမ့်မယ်လို့ ဟောကိန်းထုတ်မှုက အာဂျင်တီးနားကြယ်ပွင့် ဖလားရသွားမှာ မမြင်ချင်တဲ့ ရော်နယ်လ်ဒိုပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဂျင်တီးနား ဂန္တဝင်တိုက်စစ်မှူးဟာ ပွဲမတိုင်ခင် ဟောကိန်းထုတ်မှုတွေကို မှားယွင်းကြောင်း သက်သေပြသဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး လက်ရှိအချိန်အထိ ရှောင်ဖယ်နေတဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်မယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။