ငွေကြေးထက် ဂုဏ်သိက္ခာနဲ့ ဆုဖလား ကို မက်မောကြမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုကြေးများ
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီနေ့ညမှာ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဟာ ဘောလုံးလောကမှာ ဂုဏ်သိက္ခာ အကြီးမားဆုံးပြိုင်ပွဲကြီး ဖြစ်တာကြောင့် ကစားသမားတွေဟာ ငွေကြေးအတွက် ယှဉ်ပြိုင်နေကြတာမဟုတ်တာတော့ သေချာပါတယ်။
ဒါပေမယ့်လည်း ဆုဖလား အနိုင်ရရှိဖို့က ကစားသမားတွေအတွက်တော့ မယုံနိုင်လောက်အောင် မက်မောဖွယ်ရာ ဖြစ်နေမှာဖြစ်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရတဲ့နိုင်ငံတိုင်းက ပွဲမစခင်ကတည်းက ပေါင် ၁.၂ သန်းစီ ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မယ်ဆိုရင် နောက်ထပ် ငွေကြေးအများအပြား ထပ်မံရရှိမှာဖြစ်ပြီး အုပ်စုကနေ လွတ်မြောက်ခဲ့တဲ့အသင်းတွေဟာ နောက်ထပ် ပေါင် ၁၁ သန်း ရရှိမှာဖြစ်တာကြောင့် ဆီနီဂေါနဲ့ သြစတြေးလျ တို့ဟာ များပြားတဲ့ ငွေကြေးပမာဏကို ရရှိခဲ့တာဖြစ်ပါတယ်။
၁၆ သင်းရှုံးထွက်အဆင့်မှာ အနိုင်ရရှိတဲ့အသင်းတွေဟာ နောက်ထပ် ပေါင် ၃ သန်း အပို ရရှိမှာဖြစ်ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်တဲ့အသင်းတွေဟာ ဆုကြေးငွေ သိသိသာသာ တိုးမြင့်ရရှိမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်တဲ့ အသင်းတွေဟာ အနည်းဆုံး ပေါင် ၂၁ သန်းအထိ ရရှိမှာဖြစ်တာကြောင့် ဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ အာဖရိကအသင်းဖြစ်တဲ့ မော်ရိုကိုအတွက် တော်တော်လေးများပြားတဲ့ ဆုကြေးငွေဖြစ်လာမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့လို့ တတိယနေရာလုရတဲ့အသင်း ၂ သင်းဟာ နောက်ထပ် ပေါင် ၂ သန်း ထပ်မံ ရရှိမှာဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့အသင်း ၂ သင်းထဲက အနိုင်ရရှိသူဟာ စုစုပေါင်း ပေါင် ၃၆.၂ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။
ဒုတိယရရှိတဲ့အသင်းဟာ စုစုပေါင်း ပေါင် ၂၅ သန်း ရရှိမှာဖြစ်ပြီး ကမ္ဘာပေါ်က လစာအများဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မက်ဆီအတွက်တော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲက ငွေကြေးဟာ မက်လောက်စရာမဟုတ်ဘဲ ငွေကြေးထက် တန်ဖိုးရှိတဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။