အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ကိုင်မြှောက် အောင်ပွဲခံမှုမှာ မက်ဆီ ဝတ်ဆင်ထားတဲ့ ဝတ်ရုံလွှာက ဘာများလဲ

မနေ့ညက ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

ပွဲအပြီး ဆုပေးပွဲမှာ မက်ဆီနဲ့ အာဂျင်တီးနားတို့ ဖလားကိုင်မြှောက် အောင်ပွဲခံချိန် မှာတော့ မြင်နေကျ မဟုတ်တဲ့ မြင်ကွင်း တခုကို ဘောလုံးပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

မက်ဆီ ဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် အဖြစ် နဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက် အောင်ပွဲခံဖို့ ပြင်ဆင် နေချိန်မှာ ဒီကိစ္စ ဖြစ်ခဲ့တာပါ။

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ ကိုယ်စားပြု ပုဂ္ဂိုလ်တယောက် နဲ့ ဖီဖာ ဥက္ကဌ အင်ဖန်တီနို တို့ဟာ မက်ဆီ အား ရွှေ အနားကွပ် ထားတဲ့ အနက်ရောင် ခြုံထည်တခုကိုကိုယ်ပေါ်မှာ လွှမ်းခြုံပေးခဲ့ပါတယ်။

မက်ဆီ ဟာ ဒီ ခြုံထည် နဲ့ပဲ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက် အောင်ပွဲ ခံခဲ့ရပြီး သူ့ရဲ့ အာဂျင်တီးနား ဝတ်စုံဟာ အဆိုပါ ဝတ်ရုံ ခြုံထည်အောက်မှာ တပိုင်းတစ ပျောက်ကွယ်ခဲ့ရ ပါတယ်။

ဗြိတိန် အခြေစိုက် ဘီဘီစီ နဲ့ အိုင်တီဗွီ သတင်းဌာနတွေ ကနေ တင်ဆက် သုံးသပ်ခဲ့တဲ့ အလန်ရှီးယား ၊ ဂယ်ရီနဗီးလ် နဲ့ အာဂျင်တီးနား နောက်ခံလူဟောင်း ဇာဘလက်တာ တို့ဟာ ကာတာ နဲ့ ဖီဖာ ရဲ့ ဒီလုပ်ရပ် ကို ဝေဖန်ခဲ့ကြ ပါတယ်။

ဘောလုံး ပရိသတ်တွေ ထဲမှာလည်း အဆိုပါ လုပ်ရပ် အပေါ် မနှစ်သက်သူတွေ ရှိခဲ့ကြပြီး သမိုင်းဝင် ဓါတ်ပုံ တပုံကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ ခံစားမိကြောင်း ပြောဆိုခဲ့ ကြပါတယ်။

မက်ဆီ ကို လွှမ်းခြုံပေးခဲ့တဲ့ ရွှေနားကွက် အနက်ရောင်ခြုံထည် ကတော့ တခြား မဟုတ်ပါဘူး၊ အာရပ် ကမ္ဘာရဲ့ ရိုးရာ ဝတ်ရုံ တခု ဖြစ်ပြီး တနည်းအားဖြင့် တော်ဝင် မိသားစုဝင်တွေ ဝတ်ဆင်ရတဲ့ ခြုံထည်မျိုး ဖြစ်ပါတယ်။

ဒါဟာ ကာတာ က ကြီးမြတ်ခမ်းနားတဲ့ မက်ဆီ ကို သူတို့ရဲ့ တော်ဝင် ပုဂ္ဂိုလ် တယောက် အဖြစ် သတ်မှတ် လိုက်တာပါပဲ ။ Bisht လို့ ခေါ်တဲ့ ဒီ ဝတ်ရုံဟာ မင်္ဂလာအခမ်းအနားတွေ ၊ အထူးကိစ္စရပ်တွေမှာ ဝတ်ဆင်ရတဲ့ ဝတ်ရုံ ဖြစ်တယ်လို့ သိရပါတယ်။

မက်ဆီ ဟာ နောက်ပိုင်းမှာတော့ ဝတ်ရုံ ခြုံထည်ကို ချွတ်ထားခဲ့ပြီး သူ့ရဲ့ အာဂျင်တီးနား ဂျာစီသစ် ကို ပြသခဲ့ ပါတယ် ။ ဒီ ဂျာစီ မှာတော့ အာဂျင်တီးနား ရင်ဘတ်တံဆိပ် ဟာ ကြယ် ၃ ပွင့် (ကမ္ဘာ့ဖလား ချန်ပီယံ ၃ ကြိမ် အတွက်) နဲ့ ဖြစ်သွားတာ ကိုလည်း သတိပြုမိခဲ့ ကြပါတယ်။