မက်ဆီကို ဂုဏ်မပြုသေးတဲ့ ရိုနယ်ဒို၊ ဂါဗာဒီယော တန်ကြေး၊ အနားယူတဲ့ ဘန်ဇီမာ နဲ့ ယနေ့ နံနက်ခင်း ထူးခြား ဘောလုံးသတင်းများ
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဘင်ဇီမာဟာ လက်ရွေးစင် အသင်းအတွက် ကစားခြင်းမှ အနားယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။
ချဲလ်ဆီး၊ မန်စီးတီးနဲ့ မန်ယူအသင်းတို့ အပြိုင်ချိတ်နေတဲ့ နောက်ခံလူ ဂါဗာဒီယော အတွက် လိုက်ပ်ဇစ်က ပြောင်းရွှေ့ကြေး ပေါင် ၇၈ သန်း အလိုရှိနေပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲအပြီးမှာ အခွင့်မရှိပဲ ကွင်းအတွင်း ဝင်ရောက်ကာ ကမ္ဘာ့ဖလားကို ကိုင်တွယ်ထိတွေ့ခဲ့တဲ့ နာမည်ကျော် စားဖိုမှူး Salt Bae ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဖီဖာက ကာတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ ဗာရန်းရဲ့ အခြေအနေက သိပ်စိုးရိမ်စရာ အနေအထားမှာ မရှိတဲ့အတွက် မကြာခင် အချိန်အတွင်းမှာတင် ကလပ်အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားနဲ့အတူ ခြေစွမ်းပြသခဲ့တဲ့ ဆဲလ်တစ် ညာနောက်ခံလူ ဂျူရာနိုဗစ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်အများဆုံး ဖြစ်နေတဲ့ ရိုနယ်ဒိုကတော့ လက်ရှိ အချိန်အထိ ၎င်းရဲ့ ပြိုင်ဘက် မက်ဆီရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ကိုလံဘီယာ အသင်းတိုက်စစ်မှူး အသက် ၁၉ နှစ်အရွယ် ဂျွန်ဒူရမ်ကို ခေါ်ယူဖို့ စတင် ယှဉ်ပြိုင်နေကြပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မကြာမှီ လစ်လပ်ဖွယ် ရှိနေတဲ့ ပြင်သစ် လက်ရွေးစင် ရာထူးအတွက် ထိုက်တန်သူမှာ ဇီဒန်းသာ ဖြစ်တယ်ဆိုပြီး ရီးရဲလ် ကွင်းလယ်ကစားသမား တိုနီခရူးစ်က ထောက်ခံပြောဆိုသွားခဲ့ပါတယ်။
ပြင်သစ် အသင်းဟာ ဖိုင်နယ်မှာ အာဂျင်တီးနားကို အရေးနိမ့်ခဲ့ရပေမယ့် ၎င်းတို့ရဲ့ ပဲရစ် အိမ်အပြန်ခရီးစဉ်မှာတော့ ပရိသတ်ပေါင်းများစွာ သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ဂျူဗင်တပ်အသင်းဟာ အသင်းကြီးတစ်ချို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ၎င်းတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ဆန်မြူရယ် အီလင်း ဂျူနီယာကို စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အေစီမီလန် အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပီယာလိုဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားအပြီး ရီးရဲလ်မက်ဒရစ်အသင်းထံ ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။