ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ် ကို အပြိုင် ချိန်လာကြတဲ့ မန်ယူနဲ့ ချယ်ဆီး
အာဂျင်တီးနား အသင်း ကမ္ဘာ့ ဖလား ချန်ပီယံ ဖြစ်ရာမှာ အရေးပါ အဓိက ကျခဲ့တဲ့ ဂိုးသမား မာတီနက်ဇ် ကို လာမယ့် လတွေ အတွင်း ပရီးမီးယားလိဂ် ထိပ်သီး ၂သင်း ဖြစ်တဲ့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့က အပြိုင် ကြိုးစား လာဖို့ ရှိကြောင်း အပြောင်းအရွှေ့ ဂုရုသတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။
အာဆင်နယ် ဂိုးသမားဟောင်း ဖြစ်တဲ့ မာတီနက်ဇ် ဟာ လက်ရှိ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ အသင်းမှာ ကစားနေတာ ဖြစ်ပြီး ထိပ်တန်း ဂိုးသမား ခေါ်ယူလိုတဲ့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ မျက်စိ ကျစရာ ဖြစ်လာနေပါတယ်။
ချယ်ဆီးအသင်းဟာ ဒီတလော လတွေ အတွင်း ဂိုးသမားသစ် ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပြီး ပစ်ဖို့ဒ်၊ ရော်ဘတ် ဆန်းချက်နဲ့ ဒီယေဂို ကော်စတာ လို ဂိုးသမားတွေကို မေးမြန်း စောင့်ကြည့်တဲ့ သတင်းတွေ ထွက်ထားတာပါ။

ဂိုးသမား အက်ဝပ် မန်ဒီက ချယ်ဆီးကနေ ထွက်ခွာဖွယ် သတင်းတွေ ရှိနေပြီး ချယ်ဆီးနဲ့ သက်တမ်းတိုး စာချုပ်သစ် သဘောတူထားခြင်း မရှိသေးပါဘူး။
မာတီနက်ဇ် ဟာ အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲရာမှာ အဓိက ကျခဲ့တဲ့ အသင်းသား တစ်ဦး ဖြစ်ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ လက်စွမ်းပြ ကာကွယ်မှုတွေလည်း လုပ်ခဲ့သူပါ။
လက်ရှိ အက်စတွန်ဗီလာမှာ ကစားနေတဲံ မာတီနက်ဇ် ဟာ အာဆင်နယ်မှာ ၈ နှစ် ကြာ အရန်ဂိုးသမား အဖြစ် ရှိခဲ့ပြီး အငှားထွက်လိုက် အရန်ခုံမှာ ရှိလိုက် အချိန်ကုန်ဆုံးခဲ့သူပါ။ ဒါပေမယ့် ၂၀၂၀ အက်ဖ်အေဖလား ကို ဂန်းနားတို့ ဗိုလ်စွဲချိန်မှာ ပါဝင် လက်စွမ်းပြနိုင်ခဲ့ပါတယ်။
မာတီနက်ဇ်ဟာ အာဆင်နယ်မှာ ဦးစားပေး နေရာ မရနိုင်တော့တာကြောင့် အက်စတွန်ဗီလာ သို့ ပြောင်းရွှေ့ ဖြစ်ခဲ့ပြီး အာဂျင်တီးနားရဲ့ ပွဲထွက် ဂိုးသမား ဖြစ်လာခဲ့ကာ လက်စွမ်းပြခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ဂိုးသမား အဖြစ် ရွှေလက်အိတ် ဆု ကိုလည်း ရရှိခဲ့ပါတယ်။