ရာသီကုန် ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဘယ်အသင်းတွေ ဝင်မလဲ ခန့်မှန်းသွားတဲ့ ဂလင်းဂျွန်ဆင်
ပရီးမီးယားလိဂ် နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင် က ဒီတစ်ပတ်မှာ ပြန်စတော့မယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မတိုင်ခင်မှာ ရာသီကုန် အဆင့် ၄ အတွင်း ဝင်မယ့် ခန့်မှန်းမှုကို ပြုလုပ်သွားခဲ့ပါတယ်။
လက်ရှိမှာ အာဆင်နယ်ဟာ ပထမရာသီဝက် အပြီး အမှတ်ပေးဇယားထိပ်မှာ ၆ မှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပြီး ဖြစ်နိုင်တဲ့ အမြင့်ဆုံး ရမှတ် ၄၂ မှတ်ထဲက ၃၇ မှတ်ထိ ရယူထားခဲ့ကာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလားကို ပြန်လည် ဆွတ်ခူးသွားဖို့ အတွက် ရည်မှန်းနေပါတယ်။
လက်ရှိ ချန်ပီယံ မန်စီးတီးဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ဘရန့်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ အမှတ်ကွာဟမှု ရှိသွားခဲ့ပြီး လက်ရှိ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ချဲလ်ဆီးတို့ စိုးရိမ်စရာ ယိုင်းယိမ်မှု ရှိနေခဲ့ပေမယ့်လည်း ဂျွန်ဆင်က ချဲလ်ဆီးဟာ top 4 ဝင်အောင် လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဂျွန်ဆင်ဟာ ဒီရာသီမှာ ချန်ပီယံ ဖြစ်မယ့် အသင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အသင်းတွေကိုလည်း ခန့်မှန်းသွားခဲ့ပါတယ

ချဲလ်ဆီး နဲ့ လီဗာပူး နောက်ခံလူဟောင်းက “သိကြတဲ့အတိုင်းပဲ top 2 ကတော့ မန်ချက်စတာစီးတီး နဲ့ အာဆင်နယ် ပါပဲ။ အခြား နေရာ ၂ ခုစာ အတွက် အသင်းတော်တော်များများ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး ပထမဦးဆုံး အနေနဲ့ ဒီနေရာကို ချဲလ်ဆီးတို့ ရယူသွားနိုင်မှာပါ။
နောက်တစ်နေရာစာ အတွက် လီဗာပူးလို့ ကျွန်တော် ပြောချင်ပေမယ့် သူတို့နဲ့ ပက်သက်ပြီး ကျွန်တော့်ဘက်က သိပ်ပြီး မသေချာပါဘူး။ ဒါ့ကြောင့် အဆင့် ၄ နေရာကို တော့တင်ဟမ်တို့ ရသွားလိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီလို ပြောရတာ နာကျင်ရပါတယ်။
ဒါပေမယ့် ပိုက်ဆံထည့်ပြီး top 4 နေရာကို လောင်းသွားရမယ် ဆိုရင်တော့ ကျွန်တော်ဟာ မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီး နဲ့ တော့တင်ဟမ် ဆိုပြီး ပြောသွားမှာပါ။
အာဆင်နယ်တို့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မယ် ဆိုရင် ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ကောင်းမှာပါ။ မန်စီးတီးနဲ့ လီဗာပူး တို့ မဟုတ်တဲ့ အသင်းတစ်သင်းဟာ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် ကျန်အသင်းအားလုံးဟာ အားတက် သွားကြမှာ ဖြစ်ပြီး လိဂ်ပြိုင်ပွဲက ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာမှာပါ။ ” လို့ ဆိုလိုက်ပါတယ်။