ဥရောပ ရပ်ဝန်းကနေ ခွာပြီး ဆော်ဒီမှာ နှစ်ရှည်ပလန်နဲ့ ဘီလျံနာ သွားလုပ်ဖွယ် ရှိနေတဲ့ စီ ရော်နယ်ဒို

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ကြိုးစားနေတဲ့ ဆော်ဒီဟာ ရော်နယ်ဒိုရဲ့ ပုံရိပ်ကို အသုံးပြုပြီး ရယူနိုင်ဖို့အတွက် ရည်ရွယ်နေပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေတဲ့ ရော်နယ်ဒိုဟာ ဆော်ဒီ နဲ့ ၇ နှစ် စာချုပ် ချုပ်ဆိုဖို့အထိ ရှိတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

အဆိုပါစာချုပ်မှာ ၂နှစ်ခွဲကို ဆော်ဒီကလပ်အယ်လ်နာဆာနဲ့ ကစားမှာဖြစ်ပြီး ကျန် ၅ နှစ်ခွဲကိုတော့ ဆော်ဒီရဲ့ ဘောလုံး သံတမန်တဦးအနေနဲ့ ရော်နယ်ဒိုက ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

တနှစ်ကို ပေါင်သန်း ၁၆၀ အထိ ရော်နယ်ဒိုက ရရှိမယ်လို့လည်း ပြောဆိုထားပြီး ဒါက ကျန် ၄ နှစ်ခွဲ အတွက်ပါ ရရှိမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိပါဘူး။

တကယ်လို့သာ အဆိုပါငွေကြေးအတိုင်း ၇ နှစ်စာချုပ်ချုပ်ဆိုမယ်ဆိုရင် ရော်နယ်ဒိုက ပေါင် ၁ ဘီလျံနီးပါးအထိ ရရှိမှာ ဖြစ်ပြီး ဘီလျံနာတဦးအဖြစ်နဲ့ပါ ရပ်တည်သွားနိုင်မှာဖြစ်ပါတယ်။

ဒီအချိန်ကာလတွေမှာ ရော်နယ်ဒိုက ဆော်ဒီဘောလုံးလောက ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်နဲ့ အိမ်ရှင်အဖြစ် လက်ခံ လျှောက်ထားမှု အောင်မြင်စေဖို့ ကူညီပေးရမယ့် အပိုင်းတွေ ပါဝင်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်း လက်မဲ့ ဖြစ်နေသူပါ။ လက်ရှိမှာ သူက ဒူဘိုင်းကို ရောက်ရှိနေပြီး အဲဒီကတဆင့် ဆော်ဒီကို သွားရောက်မယ်လို့လည်း စပိန် သတင်းတွေက အခိုင်အမာဖော်ပြနေပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုကိုယ်တိုင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းတွေကို ချိတ်ဆက်နေတယ်လို့လည်း ရုပ်သံ သတင်းဌာနတခုဖြစ်တဲ့ Dazn က ဖော်ပြထားပါတယ်။