မက်ဆီရဲ့ ကမ္ဘာ့ဖလား အောင်ပွဲခံ ခြုံလွှာဝတ်ရုံ ကို ဒေါ်လာ တစ်သန်း ပေးဝယ်မယ့် ကမ်းလှမ်းသူ ထွက်ပေါ်လာ

အာဂျင်တီးနား ချန်ပီယံ ဖြစ်တဲ့နောက် ကမ္ဘာ့ဖလားဆုကို မက်ဆီရယူဖို့အတွက် ပွဲကြည့်စင်ပေါ်တက်ရောက်ခဲ့ချိန်မှာ ကာတာဘုရင်က သူ့ကို ခြုံထည်လွှာတခု ဆင်မြန်းပေးခဲ့ပြီး ဂုဏ်ပြုခဲ့ပါတယ်။

မက်ဆီဟာ အဆိုပါခြုံထည်လွှာကို ဝတ်ဆင်လျက်နဲ့ပဲ ဆုဖလားရယူကာ အောင်ပွဲခံခဲ့ပြီး ဒီဆင်မြန်းခဲ့ရတဲ့ အရာက ဘာလဲဆိုတာ အားလုံးက စိတ်ဝင်စားခဲ့ကြပါတယ်။ အနားသတ်မှာ ရွှေကွပ်ထားတဲ့ ဒီခြုံထည်က ကာတာတော်ဝင်တွေနဲ့ အောင်ပွဲရ စစ်သည်တော်တွေသာ ဝတ်ဆင်ခွင့်ရတဲ့ ခြုံထည်ဖြစ်ပြီး Bisht လို့ ခေါ်ပါတယ်။

အခုအခါမှာတော့ မက်ဆီရရှိခဲ့တဲ့ အဲဒီခြုံထည်ကို ဒေါ်လာ ၁ သန်းပေးဝယ်ဖို့ ကမ်းလှမ်းခံလိုက်ရပါပြီ။ မက်ဆီကို ဒီလိုဂုဏ်ပြုဝတ်ဆင်အပြီးမှာ Bisht ကို စိတ်ဝင်စားမှုတွေ များပြားလာခဲ့ပြီး ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့သူကတော့ အိုမန်ရှေ့နေတဦးလည်းဖြစ်၊ ပါလီမန်အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ အာမက် အယ်လ်ဘာဝါနီဆိုသူ ဖြစ်ပါတယ်။

သူ့ရဲ့ တွစ်တာကနေ ဒေါ်လာ ၁ သန်းနဲ့ ဝယ်ယူချင်တယ်လို့ ရေးသားပြောဆိုခဲ့တာဖြစ်ပြီး မက်ဆီအနေနဲ့ ပြန်လည် ရောင်းချမယ်ဆိုရင်တောင် များပြားလှတဲ့ ငွေကြေးတွေကို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မက်ဆီအတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုခံရမှုရဲ့ သင်္ကေတဖြစ်တာကြောင့် ရောင်းချဖွယ်တော့ မရှိဘူးလို့ ခန့်မှန်းရပါတယ်။

ကာတာဘုရင်က မက်ဆီဟာ အာဂျင်တီးနားအတွက် တိုက်ပွဲဆင်နွှဲအောင်မြင်ခဲ့တဲ့ စစ်သည်တဦးလို့ သတ်မှတ်ကာ ဂုဏ်ပြုခဲ့တာြ= ဖြစ်ပါတယ်။

ဒါဟာ ကာတာပြင်ပမှာ ဆင်မြန်းခွင့်ရတဲ့ ပထမဆုံးသောလူပုဂ္ဂိုလ်လို့တောင်မှ ထင်မြင်ရပြီး မက်ဆီကို အဆုံးစွန်အထိ ကာတာဘက်က ဂုဏ်ပြုခဲ့ကာ ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်တခုဖြစ်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။