ကစားသမားဘဝ နားဖို့ ပြောခံရတဲ့ ကန်တေ၊ ဖိုဖာနာ ဒဏ်ရာ၊ ဘရာဇီးကို ကိုင်မလား တူချယ်နဲ့ ယနေ့ည ချယ်ဆီး သတင်းတိုများ

ဘာစီလိုနာ အသင်းဟာ ချယ်ဆီးကနေ စာချုပ်ကုန်လို့ အလွတ်နဲ့ ထွက်လာတော့မယ့် ကွင်းလယ်လူ ကန်တေ ကို ခေါ်ယူချင်သော်လည်း ပြင်သစ်သားရဲ့ ဒဏ်ရာ မှတ်တမ်းတွေကြောင့် တွန့်ဆုတ်နေပါတယ်။

ကန်တေဟာ ချယ်ဆီးနဲ့ ၆ နှစ်တာ ကာလအတွင်း ဒဏ်ရာ ၂၂ ကြိမ် ရဖူးကာ လန်ဒန်ကလပ် အတွက် ၉၅ ပွဲလောက် ကစားဖို့ လွဲချော်ထားပါတယ်။

ချယ်ဆီးနည်းပြဟောင်း သောမတ်စ် တူချယ်ကတော့ ဇီဒန်း၊ လူးဝစ် အင်းနရစ် တို့နဲ့ အတူ ဘရာဇီးလက်ရွေးစင် အသင်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

ကြာသပတေးနေ့ကတော့ ချယ်ဆီးအသင်း ဝန်ထမ်းတွေနဲ့ ကစားသမားတွေဟာ ကော့ဘ်ဟမ်း ထရိန်နင်မှာပဲ ခရစ္စမတ် နေ့လည်ခင်းစာ အတူ ပျော်ရွှင်စွာ စားသောက်ခဲ့ကြတယ် လို့ သိရပါတယ်။

ချယ်ဆီး ကစားသမားဟောင်းကြီး ဖရန့်လီဘိုး ကတော့ ကန်တေ အနေနဲ့ ကစားသမား ဘဝကနေ အနားယူဖို့ စဉ်းစားသင့်ပြီ လို့ တိုက်တွန်းလိုက်ပါတယ်။ ဘောလုံးသမား တစ်ယောက် အနေနဲ့ ဘယ်အချိန်မှာ ကစားတာကနေ နားမလဲ အချိန်ကိုက် ဆုံးဖြတ်ရတာက အရေးပါတယ် လို့ လီဘိုးက သတိပေးခဲ့ပါတယ်။

ကန်တေက လောလောဆယ် ဒဏ်ရာရှိနေပြီး မတ်လထဲ လောက်မှသာ ပြန် လေ့ကျင့် ကစားနိုင်ဖွယ် ရှိတယ်လို့ ချယ်ဆီး နည်းပြ ပေါ်တာက အတည်ပြုထားပါတယ်။

ချယ်ဆီး ခံစစ်မှူး ဝီစလေ ဖိုဖာနာ ဟာလည်း ၃-၄ ပတ်လောက် ဒဏ်ရာနဲ့ နားနေရဦးမှာ ဖြစ်တယ်လို့ ပေါ်တာ က ထပ်မံ အတည်ပြု အသိပေးသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အားကစား ဒါရိုက်တာသစ် အဖြစ် လိုက်ပ်ဇစ်မှ ခရစ္စတိုဖာ ဗီဗဲလ် ကို ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ၎င်းနဲ့ လက်တွဲ အလုပ်လုပ်ဖူးတဲ့ လိဒ်စ် နည်းပြ ဂျက်ဆီမာ့ချ် ကတော့ ဂျာမန်သားရဲ့ လုပ်ရည် ကိုင်ရည်ကို ချီးကျူးစကား ဆိုလာပါတယ်။

စပိန်လက်ရွေးစင် အသင်းနဲ့ လမ်းခွဲထားတဲ့ လူးဝစ် အင်းနရစ် ဟာ နောက်ရာသီမှာ ဂရေဟမ် ပေါ်တာ နေရာ ချယ်ဆီး နည်းပြသစ် အဖြစ် အစားဝင်လာနိုင်တယ် လို့ သတင်းထွက်လာပါတယ်။ အင်္ဂလန်သားဟာ ချယ်ဆီး ကို ရလဒ်ကောင်းတွေ မယူဆောင်နိုင်ရင် နောက်နှစ်မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။