တနင်္ဂနွေနေ့ ညပိုင်း နောက်ဆုံးရ ဘောလုံး အပြောင်းအရွှေ့ သတင်းတိုများ
အာဆင်နယ်နှင့် အဲဗာတန်အသင်းသည် ရှော်ကေးအသင်းမှ အမေရိကန်လက်ရွေးစင် ကစားသမား ဟော်ပီကို ခေါ်ယူရန်ရှိကြောင်း၊ လက်ရှိကစားနေသည့် ဂိုးလ်ကပ်တွင် ခြေစွမ်းပြခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်ဂျာနယ်လစ်တစ်ဦးက ဖော်ပြသည်။
ဆောနီဂွက်စ်သည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ချိန်ဆနေပြီး မန်ယူ သို့မဟုတ် လီဗာပူးကို ရွေးချယ်မည် ဖြစ်သည်။ အက်သလက်တီကို မက်ဒရစ်အသင်းက နီဂွက်စ်၏ ပြောင်းရွှေ့ကြေးကို ပေါင် ၃၅ သန်းမှ သန်း ၄၀ ကြား သတ်မှတ်ထားသည်။

မန်စီးတီးအသင်းသည် ပေါင်သန်း ၁၀၀ တန် ဂရီးလစ်ရှ်၏ အပြောင်းအရွှေ့ကို လာမည့်ရက်အနည်းငယ်အတွင်း အပြီးသတ်သွားဖွယ်ရှိသည်ဟု အင်္ဂလန်ရှိ မီဒီယာများက ဖော်ပြသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဂရီးလစ်ရှ်သည် ဗီလာမှကမ်းလှမ်းနေသော တစ်ပတ်လျှင် လုပ်ခလစာ ပေါင် ၂ သိန်းထက်ပို၍ မန်စီးတီးတွင် ရလိမ့်မည်ဖြစ်ကြောင်းလည်း ဒေးလီးမေးသတင်းစာက ဖော်ပြသည်။
မန်စီးတီးသည် အသင်းမှ ကစားသမားအချို့ကို ရောင်းထုတ်ပြီး ဂရီးလစ်ရှ်နှင့် ဟယ်ရီကိန်းတို့ကို ခေါ်ယူကာ တိုက်စစ်ကို အသွင်သစ်ဖြင့် တည်ဆောက်သွားမည်ဟု ဆန်း သတင်းစာက ဖော်ပြသည်။
မန်စီးတီးအသင်းမှ ဘာနာဒိုဆေးဗား ထွက်ခွာခဲ့ပါက စပိန်ကလပ် အက်သလက်တီကိုနှင့် ဘာစီလိုနာ အသင်းတို့က ခေါ်ယူသွားရန်ရှိသည်။
ဘရာဇီးတိုက်စစ်မှူး ဂျော်ဂျီသည် ပြောင်းရွှေ့ကြေး ပေါင် ၂.၅ သန်းဖြင့် ဂျူဗင်တပ်အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ရန်ရှိသည်။
ဘရိုက်တန်အသင်းသည် ဘန်ဖီကာအသင်း၏ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။ စပါးစ်အသင်းသည် အတ္တလန္တာနောက်ခံလူ ရိုမီရိုကို ခေါ်ယူရေးအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း၊ ခြေစွမ်းပေါ်မူတည်၍ ထပ်ဆောင်းပေးချေငွေ ပေါင် ၄ သန်းတို့ဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အီတလီမီဒီယာတစ်ခုက ဖော်ပြသည်။
စပါးစ်အသင်းမန်နေဂျာ ဆန်းတို့စ်သည် အယ်ဒါဝီရယ်၏နေရာတွင် အသက် ၂၃ နှစ်အရွယ်ရှိ အာဂျင်တီးနားနောက်ခံလူ ရိုမီရိုကို အစားထိုး ခေါ်ယူခြင်းဖြစ်သည်။