စီ ရော်နယ်ဒိုနဲ့ ဘောလုံးကြယ်ပွင့်တချို့ ကို ယှဉ်နိုင်ဖို့ ဆု တစ်ခု လိုအပ်နေသေးတဲ့ လီယွန်နယ် မက်ဆီ

အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူ့ကစားသမားဘဝမှာ ‌အအောင်မြင်ဆုံး မှတ်ကျောက်အဖြစ် တင်စားရမယ့် ကမ္ဘာ့ဖလားကြီးကို ပြင်သစ်အသင်းအား အနိုင်ယူပြီး သူ့နိုင်ငံအတွက် ဆွတ်ခူးပေးခဲ့ပါတယ်။

ဒါကြောင့် ကစားသမားဘဝတစ်လျှောက် လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကိုပါ အမေရိက ဖလားနဲ့ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတို့မှာ ရွှေတံဆိပ်တို့ ရထားခဲ့တဲ့ မက်ဆီအနေနဲ့ သူ့ဘဝမှာ ဆုဖလား အောင်မြင်မှုအပိုင်းနဲ့ ပတ်သက်ပြီး ပြည့်စုံသွားခဲ့ပြီလို့ ထင်ရပါတယ်။

မက်ဆီက သူ့ရဲ့ မဟာပြိုင်ဘက်ကြီး ခရစ္စတီယာနို ရော်နယ်ဒိုထက် သာလွန်သွားခဲ့ပြီလို့ ပရိသတ်‌တွေက မှတ်ချက်ပြု လာကြပေမယ့် ဒိုလေး အပါအဝင် အခြား လက်ရှိ ဘောလုံးကြယ်ပွင့် တချို့ ရထားပြီး မက်ဆီတစ်ယောက် အခုချိန်ထိ မရရှိသေးတဲ့ ဆုတစ်ခုကျန်ရှိနေပါသေးတယ်။

အဲ့ဒါကတော့ ရွှေခြေထောက်ဆုဖြစ်ပြီး၊ ထိုဆုဟာ တစ်နှစ်တာရဲ့ ဂုဏ်သိက္ခာအရှိဆုံး ကစားသမားကို ရွေးချယ် ပေးတာဖြစ်ကာ ကစားသမားတွေအနေနဲ့ ထိုဆုကို သူတို့ရဲ့ ဘဝမှာ တစ်ကြိမ်သာ ရရှိနိုင်တာ ဖြစ်ပါတယ်။

ထိုဆုကို နိုင်ငံတကာဂျာနယ်လစ်တွေက မဲပေးရွေးချယ်တာဖြစ်ပြီးတော့ ဆုဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေ ဟာ အသက် ၂၈ နှစ်အထက် ရှိရမှာ ဖြစ်ပါတယ်။

စီ ရော်နယ်ဒိုဟာ အဆိုပါရွှေခြေထောက်ဆုကို ၂၀၂၀ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး၊ အခြားနာမည်ကြီး ကစားသမားေ ဖြစ်ကြတဲ့ ဇလာတန် အီဘရာဟီမိုဗစ်က ၂၀၁၂ ခုနှစ်၊ မိုဟာမက် ဆာလက်က ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွက် ဆုကိုတော့ လီဝန်ဒေ့ါစကီးက ရရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဆီ အနေနဲ့ သူ့ရဲ့ ကစားသမားဘဝ အနားမယူခင်မှာ အခုထိ လစ်ဟာနေသေးတဲ့ ကွက်လပ် ဖြစ်တဲ့ ရွှေခြေထောက် ဆု ကို ရယူသွားနိုင်မလား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။