မန်ယူ ဦးစားပေး ပစ်မှတ် ဂတ်ပို ကို ဘာလို့ လီဗာပူးအသင်း ရသွားလဲ ရှင်းပြတဲ့ PSV ဒါရိုက်တာ
လီဗာပူး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အလေးအနက် ချိတ်ဆက်နေတဲ့ PSV တိုက်စစ်မှုး ကိုဒီဂတ်ပို ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
ယနေ့မနက် အစောပိုင်းက ကြေညာချက် ထွက်လာတာ ဖြစ်ပြီး လီဗာပူးက နယ်သာလန် လက်ရွေးစင် ဂတ်ပို အတွက် ကနဦး ပြောင်းရွေ့ကြေး ပေါင် ၃၇ သန်း + add-ons နဲ့ ခေါ်ယူတာ လို့ သိရပါတယ်။
ကလပ်နှစ်သင်းကြား သဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်ကာ အသက် ၂၃ နှစ်အရွယ် ဂတ်ပိုဟာ အင်္ဂလန် မှာ ဆေးစစ်မှု အောင်မြင်တာနဲ့ ယခုတစ်ပတ် နှောင်းပိုင်းမှာ လီဗာပူးနဲ့ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ လူးဝစ်ဒီယက် နဲ့ ဒီယိုဂိုဂျိူတာ တို့ရဲ့ ကာလရှည်ဒဏ်ရာတွေကြောင့် တိုက်စစ်ပိုင်းမှာ ရွေးချယ်မှု နည်းပါးနေကာ ဒီအတွက်ကြောင့်ပဲ အပြောင်းအရွေ့ ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဂတ်ပိုကို မန်ချက်စတာယူနိုက်တက် ဆောက်သမ်တန် လိဒ် တို့က စိတ်ဝင်စားနေကြပေမယ့်လည်း ဂတ်ပိုအတွက် လီဗာပူးဟာ ကောင်းမွန်တဲ့ နေရာ ဖြစ်တယ်လို့ PSV ဒါရိုက်တာ မာဆယ် ဘရန်း က ဝန်ခံခဲ့ပါတယ်။
ဘရန်းက “လီဗာပူးဟာ ကစားသမား ခေါ်ယူမှုအပိုင်းနဲ့ ပက်သက်ပြီး တအားကို အာရုံစိုက် လုပ်ဆောင်လေ့ ရှိတဲ့ အသင်းပါ။ တစ်ခါတစ်ရံမှာ သူတို့ဟာ လာမည့်ရာသီ အတွက် ခေါ်ယူသွားဖို့ ကစားသမားတွေကို နိုဝင်ဘာလ ကတည်းက သတ်မှတ်ထားပြီး ဖြစ်နေပါတယ်။ ဂတ်ပိုဟာ သူတို့အတွက် ကောင်းမွန်တဲ့ partner ဖြစ်လာနိုင်သလား? အမှန်ပါပဲ။
အကယ်၍ ယူနိုက်တက်သာ ဂတ်ပိုအတွက် ကျနော်တို့ လိုချင်တဲ့ ပမာဏကို ကမ်းလှမ်းသွားခဲ့မယ်ဆိုရင် ကျနော်တို့ သူတို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့ ပြောင်းရွေ့ကြေးကို ရရင် ကျနော်တို့ သူ့ကို တားဆီးသွားနိုင်မှာ မဟုတ်ပါဘူး။ ဘောနက်စ် အပါအဝင် ကျနော်တို့ဟာ ဂတ်ပို အတွက် အနည်းဆုံး ယူရိုသန်း ၅၀ အလိုရှိနေခဲ့တာပါ။ ကိုဒီဂတ်ပိုရဲ့ management နဲ့ ဒီသဘောတူညီမှုကို ရရှိထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒါကို လျစ်လျူရှုလို့ မရပါဘူး။
ဒါဟာ စာချုပ်ဖျက်သိမ်းကြေး လိုမျိုး မဟုတ်ပေမယ့် မှန်ကန်တဲ့ကလပ်က မှန်ကန်တဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်း လာမယ်ဆိုရင် ဒါဟာ ရွေးချယ်စရာ ဖြစ်လာတာ ပါပဲ။ ” လို့ ဆိုခဲ့ပါတယ်။