ဆောင်းဈေးကွက် အတွက် ကစားသမား ခေါ်ယူဖို့ ကမ်းလှမ်းမှု စတင် ပြုလုပ်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ် က သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ရှက်တာဒိုးနက် ကြယ်ပွင့် မူဒရစ်ခ် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် လုပ်ဆောင်ခဲ့ကြောင်း ဂါးဒီးယန်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်က အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဂျေဇူး တယောက် ဒဏ်ရာရရှိသွားပြီးနောက် လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်ပိုင်းကို အားဖြည့်ပေးနိုင်မယ့် ကစားသမား တဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မူဒရစ်ခ်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ရှက်တာဒိုးနက်နဲ့ အတူ စတင် တောက်ပလာတဲ့ လူငယ် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံး ရာသီမှာလည်း ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားပါတယ်။

မူဒရစ်ခ်က ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် False 9 တိုက်စစ်မှူး အဖြစ် ကစားတတ်တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာက ဆောင်းဈေးကွက် အတွင်းမှာပဲ မူဒရစ်ခ်ကို အရ ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။

ဂါးဒီးယန်း သတင်း အဆို အရ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းမှာပဲ မူဒရစ်ခ် အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု တခုကို ရှက်တာဒိုးနက်ဆီ ပေးပို့ခဲ့ပြီး အာဆင်နယ်နဲ့ ရှက်တာဒိုးနက်တို့ ကြားထဲမှာ မူဒရစ်ခ် အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

အာဆင်နယ်က မူဒရစ်ခ် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းခဲ့ဖွယ် ရှိပြီး ရှက်တာဒိုးနက်က မူဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း အထိ လိုချင်နေတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ ရက်အနည်းငယ် ထပ်မံ ညှိနှိုင်းရဖို့ ရှိနေပါတယ်။