ဂိုးပြတ်တွေ နိုင်ခဲ့ကြတဲ့ မန်ယူနဲ့ ချဲလ်ဆီး၊ အေးဂျင့် ဗန်ဒိုက်၊ ဂျော်ဂျင်ဟို ကို ချိန်တဲ့ ကာဆယ်နဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းများ
ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ယူအသင်းက ၃ ဂိုးပြတ် အနိုင်ယူပြီး ချဲလ်ဆီးကလည်း ဘုန်းမောက်ကို ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်ကို ၂ ဂိုးပြတ် အနိုင်ရယူနိုင်ခဲ့ပေမယ့် နည်းပြ ပေါ်တာကတော့ တိုက်စစ်ပိုင်း အဆုံးသတ် အားနည်းမှုတွေကြောင့် လာမယ့် ဆောင်းရာသီဈေးကွက်မှာ တိုက်စစ်မှူးသစ် ထပ်မံခေါ်ယူလိုနေပါတယ်။
လီဗာပူးက ပြိုင်ဘက်အသင်းတွေကို ကျော်ဖြတ်ကာ နယ်သာလန် စတား ဂတ်ပိုကို အရခေါ်ယူနိုင်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ ၎င်းတို့နောက်ခံလူ ဗန်ဒိုက်ရဲ့ အရေးပါတဲ့ ကြိုးစားမှုတွေကြောင့် ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လကမှ အဲဗာတန်နဲ့ စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုရယူခဲ့တဲ့ ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် မန်ယူ၊ စပါး၊ ချဲလ်ဆီး စတဲ့ အသင်းတွေ စောင့်ကြည့်နေကြကြောင်း သတင်းများအရ သိရပါတယ်။
ဖောရက်စ်နဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ကာဆီမီရိုတစ်ယောက် ၎င်းရဲ့ ခံစစ်၊ တိုက်စစ် စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ချီးကျူးခံနေရပါတယ်။
နယူးကာဆယ်အသင်းက ချဲလ်ဆီးနဲ့ ယခုနွေ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူလိုနေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ဘင်ဖီကာမှ အန်ဇို ဖာနန်ဒက်စ်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းဟာ ဂတ်ပို ကို ခေါ်ယူဖို့ နောက်ကျကျန်ခဲ့ရတာကြောင့် အက်သလက်တီကို အသင်း တိုက်စစ်ကစားသမား ဂျာအိုဖီးလစ် ကို ခေါ်ယူနိုင်ဖို့ အားထည့်ကြိုးစားနေပါတယ်။
အဲဗာတန် အသင်းဟာ မန်ယူအသင်း လူငယ်တိုက်စစ်ကစားသမား အီလန်ဂါကို အငှားခေါ်ယူလိုနေပေမယ့် မန်ယူ အသင်းကလည်း တိုက်စစ်ကစားသမားသစ် တစ်ယောက် ထပ်မံခေါ်ယူပြီးသွားမှာ အီလန်ဂါကို အငှားချဖို့ ဆန္ဒရှိနေပါတယ်။
အေစီမီလန် အသင်းနည်းပြ ပီအိုလီကတော့ အမှတ်ပေးဇယား ထိပ်ဆုံးမှ နာပိုလီနဲ့ ၈ မှတ်အထိ ပြတ်နေပေမယ့် စီးရီးအေ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးများစွာ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ လာမယ့် ၂၀၂၃ ခုနှစ် အစောပိုင်းလောက်မှာ နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့ ရုပ်တုထုလုပ်ကာ ကွင်းပြင်ပမှာ ထားရှိဖို့ စီစဉ်နေပါတယ်။